ကျောက်ပန်းတောင်း အောက်တိုဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို၊ အောက်တိုဘာ(၂)ရက်နေ့ နံနက်(၁၀)နာရီက အောင်မင်္ဂလာရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံး သင်တန်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် မီးလောင်မှုများ လျော့နည်း ကျဆင်းစေရေးအတွက် မီးဘေးလုံခြုံရေး လုပ်ငန်းများကို ပြည်သူဗဟိုပြု ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် သင်တန်းကာလ ပြီးဆုံးသည်အထိ တက်ရောက်၍ ပြည်သူအားကိုး ယုံကြည်အောင်၊ ပြည်သူလူထုအတွက် မွန်းမြတ်သည့် စိတ်ဓာတ်ဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်နိုင်သည့် အရန်မီးသတ်အဖွဲ့ဝင်များဖြစ်အောင် ကြိုးစားသွားကြရန် ထည့်သွင်းပြောကြားသည်။ ယင်းနောက် အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် တူညီဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်လင်းတို့က ပေးအပ်ရာ သင်တန်းသား ကိုယ်စားလှယ်များက လက်ခံရယူကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို ရပ်ကွက်/ကျေးရွာများနှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှ သင်တန်းသား(၅၀)ဦး တက်ရောက်ကြမည်ဖြစ်ပြီး၊ သင်တန်းကို အောက်တိုဘာ(၂)ရက်နေ့မှ အောက်တိုဘာ (၂၇) ရက်နေ့အထိ စာတွေ့/လက်တွေ့ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဌာနဆိုင်ရာများ၊ ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင်၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့ကိုယ်စားလှယ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၉၃)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)