မူဆယ် အောက်တိုဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်မြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဖြတ်သန်းသွားလာရေးဂိတ် များမှ တရားဝင်ဗီဇာ(Business Visa)ဖြင့် မူဆယ်-ရွှေလီနယ်စပ် ဖြတ်သန်းသွားလာရေးဂိတ်ဖြစ်သော နန်းတော်ဂိတ်၌ အောက်တိုဘာလ(၁)ရက်နေ့ စတင်၍ ဝင်/ထွက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ နံနက်(၆း၃၀)အချိန်မှစ၍ မြန်မာပြည် မူဆယ်ဖက်ခြမ်းတွင် မူဆယ်ခရိုင်၊လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းက ဦးစီးကြပ်မတ်၍ နယ်စပ် ဂိတ်လဝကဒုတိယဌာနခွဲမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးငွေမိုးနှင့်အဖွဲ့ဝင်များက နန်းတော်ဂိတ်တွင် FOREIGNER DEPARTURE နှင့် FOREIGNER ARRIVAL တို့အပြင် ဧည့်သည်နိုင်ငံခြားသားများ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာလျှင် စစ်ဆေးဆောင်ရွက်မှုများ ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပြီး နံနက်(၉း၃၀)အချိန်တွင် တရုတ်နိုင်ငံ၊ရွှေလီမြို့တော်ဝန် Mr. Shang La Sian နှင့်တကွ တာဝန်ရှိကြသူများနှင့် မြန်မာပြည်၊ မူဆယ်နယ်စပ်ဒေသ အာဏာပိုင်များဖြစ်ကြသော မူဆယ်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးနှင့်တကွ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဟန်ဝင်းဇော်၊မူဆယ်ခရိုင်လဝက ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်း၊ နယ်စပ်ဂိတ်လဝကဒုတိယဌာနခွဲမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးငွေမိုး၊ မူဆယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်း၊ မြို့နယ်ဦးစီးမှူး၊ဦးစီးအရာရှိ ဦးစန်းလွင် နှင့် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများက တရင်းတနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြပြီး နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နှစ်နိုင်ငံနယ်စပ်ဖြတ်သန်းသွားလာမှု ပိုမိုလွယ်ကူစေရေးတို့အတွက် တွေ့ဆုံခဲ့ကြကာ နယ်စပ်ဖြတ်သန်းခွင့်တရားဝင်ဗီဇာ(Business Visa)ဖြင့် ဝင်/ထွက်ခြင်းကို စတင်ဖွင့်လှစ်လျက် လိုအပ်သည်များကိုလည်း ဆက်လက်ညှိုနှိုင်းပေါင်းစပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ထို့အပြင် ယနေ့ အောက်တိုဘာ(၁)ရက်နေ့တွင် တရားဝင်ဗီဇာ(Business Visa)ဖြင့် စတင်ဝင်/ထွက်သွားလာနိုင်ပြီဖြစ်၍ တရုတ်နိုင်ငံသား Mr. Wu Chunmingကို အဦးဆုံးကြိုဆိုလက်ခံလျက် လာရှိုးမြို့သို့ ဆက်လက်သွားရောက်ရန် စတင်ဝင်ရောက်ခဲ့ကာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တကွ ခရိုင်လဝကဒုတိယညွှန်ကြားရေးမှူးတို့မှလည်း မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသော တရုတ်နိုင်ငံသားအား နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး သွားလာရေး အဆင်ပြေလွယ်ကူစေရေးအတွက် ယာဉ်နှင့်ဟိုတယ်တည်းခိုရန်တို့ကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့ကာ ဆောင်ရန်/ရှောင်ရန်များ၊ ဗီဇာစည်းမျဉ်းစည်းကမ်းများနှင့် သက်ဆိုင်သည်များကို တရင်းတနှီး ရှင်းပြပြောကြားခဲ့ကြောင်း သိရှိရသည်။