ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

မြစ်ကြီးနား အောက်တိုဘာ ၁

၂၀၂၃ ခုနှစ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၅၉) နှစ် မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ လေ့ကျင့်‌ရေးအလယ်တန်းကျောင်း ပညာအားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး အခမ်းအနားတွင် ပြည်နယ်အတွင်း မှုခင်းကျဆင်းရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီ ရမည် ဆိုသည့် မျှော်မှန်းချက်များနှင့်အညီ အဖွဲ့အစည်းကောင်းတစ်ခုရဲ့ အနှစ်သာရဖြစ်သည့် စိတ်ဓာတ်ကောင်းမွန်ရန်၊ စွမ်းရည်ပြည့်ဝရန်ဆိုသည်ကို တပ်ဖွဲ့ဝင်တစ်ဦးချင်းစီက စဉ်ဆက်မပြတ် ဆက်လက်ခံယူလေ့ကျင့်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ လေးစားယုံကြည်မှု ပိုမိုရရှိစေရန် တပ်ဖွဲ့ဝင်များသည် အဂတိတရားကင်းရှင်းကြရမည့်အပြင် တပ်ဖွဲ့က ချမှတ်ထားသော ရဲစည်းကမ်း၊ ရဲကျင့်ဝတ်များကိုလည်း လိုက်နာစောင့်ထိန်းပြီး လူမှုအဖွဲ့အစည်းတစ်ရပ်လုံးကိုလည်း ဥပဒေနှင့်အညီလုံခြုံအောင် အကာအကွယ်ပေးစောင့်ရှောက်သွားရန် တိုက်တွန်းလိုပါကြောင်း ဂုဏ်ပြုပြောကြားသည်။

ထို့နောက် ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွန်းက (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်ထံမှ ပေးပို့သည့်သဝဏ်လွှာကို ဖတ်ကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်စိုးလှိုင်နှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့က ပြည်နယ်အတွင်း မှုခင်းကျဆင်းရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဗီဒီယိုကလစ်ကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကချင်ပြည်နယ် ရဲတပ်ဖွဲ့၏ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက် တာဝန် (၄)ရပ်အပေါ် ဆောင်ရွက်ချက်များနှင့် ခင်းကျင်းပထားသည့် ပြခန်းငယ်အား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ယင်းနောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွန်း၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီးအေးသွင်နှင့် တာဝန်ရှိသူများက မှုခင်းကျဆင်းရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများတွင် လုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များ၊ ၂၀၂၃ ခုနှစ် လေ့ကျင့်ရေးနှစ်အတွင်း ဖွင့်လှစ်ခဲ့သော သင်တန်းအသီးသီးတွင် ထူးချွန်စွာကြိုးစားခဲ့ကြသည့် လေ့ကျင့်ရေးထူးချွန်ဆုရ တပ်ဖွဲ့ဝင်များ၊ အားကစားပြိုင်ပွဲများတွင် ထူးချွန်စွာကြိုးစားခဲ့ကြသည့် တပ်ဖွဲ့ဝင်များနှင့် ဆုရမိသားစုဝင်များအား ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အငြိမ်းစားရဲအမှုထမ်းဟောင်းများကိုလည်း ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပြည်နယ် (ပြန်/ဆက်)