ညောင်ဦးမြို့နယ် လက်ပံခြေပေါ်လျှပ်စစ်မြစ်ရေတင်ဖြင့် မိုးစပါး ၃၃၀ ဧကစိုက်ပြီး

ညောင်ဦး  အောက်တိုဘာ 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်လျှပ်စစ်/ဆိုလာ မြစ်ရေတင်မှပေးလွှတ်သော လက်ပံခြေပေါ်လျှပ်စစ်မြစ်ရေတင်ရေဖြင့်မိုးစပါးဧက ၃၃၀ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ တာဝန်ရှိသူများထံကသိရသည်။

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်လျှပ်စစ်မြစ်ရေတင်ဖြင့် မိုးစပါးစိုက်ပျိုးရန် ဇူလိုင်လတွင် စပါးပျိုးစတင်ပျိုးထောင်ခဲ့ကြောင်း ဩဂုတ်လ၊စက်တင်ဘာလတို့မှ စတင်၍ ပျိုးပင်များလယ်ကွင်းအတွင်း ရွေ့ပြောင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။ လက်ပံခြေပေါ် လျှပ်စစ်မြစ် ရေတင်ဖြင့်စိုက်ပျိုး သည့် စပါးမျိုးမှာ ဧရာမင်း၊မနောသုခ၊ဆင်းသုခစပါး မျိုးများသာ တောင်သူများစိုက်ပျိုးကြပြီး ပျိုးထောင် ရက် ၂၁ ရက်အကြာတွင်စိုက်ပျိုးမည့် လယ်မြေ အတွင်းရွေ့ပြောင်းစိုက်ရကြောင်း စပါးတစ်သီးရင့်မှည့်ချိန်ထိ ငါးလကြာမြင့်ကြောင်း မိုးစပါးစိုက်တောင်သူများက ပြောရှင်းပြ၍သိရသည်။ မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် မိုးစပါး စိုက်တောင်သူများ စပါးသီးနှံရိတ်သိမ်းပြီးချိန် အထိ တစ်ဧကစိုက်ပျိုး ရေသွင်းစရိတ် ၆၀၀၀ ကျပ်ပေးသွင်းရပြီး၊ နွေစပါးစိုက်ပျိုးချိန်တွင် စပါးတစ်သီးစာ ၉၀၀၀ ကျပ်ပေးရကြောင်း၊ အခြားသီးနှံအတွက် ၃၀၀၀ ကျပ်ပေးသွင်းရကြောင်း သိရသည်။ မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် စပါးများအထွက်နှုန်းပုံမှန်ကောင်းမွန်ပြီး ရေပေးသွင်းခလည်း တန်လွန်းကြောင်း၊ မိုးစပါးဆိုသော်လည်း ညောင်ဦးဒေသတွင်တစ်နှစ်ပတ် လုံးမှမိုးရေချိန် ၂၀ လက်မအောက်သာရွာသွန်းခြင်းကြောင့် စပါးအောင်ရေအထိ မြစ်ရေတင်ရေ သွင်းရကြောင်း တစ်ဧကသွင်းဈေးလည်း တန်လွန်းကြောင်း မိုးစပါးစိုက် တောင်သူများကရှင်းပြ သည်။ မိုးစပါးစိုက်ပျိုးရာတွင် စပါးတစ်ဧက ကောက်စိုက်သမစိုက် ပျိုးခ (၅၅၀၀၀)ကျပ်ဖြင့်စိုက် ဧကပြတ်စိုက်ပျိုးခြင်းနှင့်လက်စားပြန်လည်စိုက်ပျိုးကြခြင်းများလည်း ရှိကြကြောင်း မိုးစပါးစိုက် တောင်သူများထံက သိရသည်။

ဒီပါလင်း