ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကင်းချောင်းကျေးရွာတွင် မီးပလပ်ခုံဝါယာရှော့ဖြစ်ရာမှ ဆိုင်ခန်းတစ်ခန်း မီးလောင်မှုဆုံးရှုံး

မောင်တော    အောက်တိုဘာ  ၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၊  ဒုချီးရားတန်းကျေးရွာအုပ်စု၊ ကင်းချောင်းကျေးရွာတွင်  ယနေ့နံနက် ၆ နာရီခွဲခန့်က မီးပလပ်ခုံဝါယာရှော့ ဖြစ်ကာ ဆိုင်ခန်းတစ်ခန်း မီးလောင်မှုဖြစ်ပွားခဲ့သည်။

အဆိုပါ ဒုချီးရားတန်းကျေးရွာအုပ်စု၊ ကင်းချောင်းကျေးရွာနေ ပိုင်ရှင်ဦးအောင်ကျော်လှ၏  ဆိုင်ခန်းတစ်ခန်း မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသူ၊ ရွာသားများက အနီးရှိ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြရာ  နံနက် ၇ မိနစ်အချိန်ခန့်တွင်  မီးလုံးဝငြိမ်းသွားသည်။ 

ဖြစ်စဉ်မှာ ကင်းချောင်းကျေးရွာနေ ပိုင်ရှင် ဦးအောင်ကျော်လှ အသက် ၃၇ နှစ် (ဘ) ဦးမောင်မြဦး၏  ဆိုင်ခန်းရှိ ဟောင်းနွမ်းနေသည့် မီးပလပ်ခုံ ဝါယာရှော့ဖြစ်ရာမှ အနီးရှိပလတ်စတစ်ကပ်ထူပြား မျက်နှာကြက်ပေါ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး  အလျား ၂၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၂ ပေ ခန့်ရှိ  သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်းဆိုင်ခန်းတစ်ခန်း မီးလောင်ဆုံးရှုံးခဲ့သည်။ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း၊ မီးလောင်မှုနှင့်ပတ်သက်၍  ဆိုင်ခန်းပိုင်ရှင်အား မောင်တောမြို့နယ် မကျီးချောင်းနယ်မြေစခန်းတွင် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

သက်လွင်စိုး ၊ အောင်ကျော်စိန်၊ (ပြန်/ဆက်)