ကျိုင်းတုံမြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

ကျိုင်းတုံ    အောက်တိုဘာ  ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းက မိန့်ခွန်းပြောကြားပြီး ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး အေးသိန်းက ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်မှပေးပို့သော သဝဏ်လွှာအား ဖတ်ကြားသည်။ ထို့‌နောက် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် Video Clipနှင့် ပြခန်းများပြသပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။

ယင်းနောက် အခမ်းအနား(ဒုတိယပိုင်း)ဆက်လက်ကျင်းပရာ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး (ကျိုင်းတုံ) ရဲမှူးကြီးအေးသိန်းနှင့် တာဝန်ရှိသူများက မှုခင်းများဖော်ထုတ်ဖမ်းဆီးမှု၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများနှင့် မှုခင်းကျဆင်းရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင်ကူညီခဲ့သူများအား ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ပြီး ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ)၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စုစုလှိုင်နှင့် အဖွဲ့ဝင်များက ရဲတပ်ဖွဲ့ဝင်မိသားစုများ နေအိမ်လိုင်းခန်းသန့်ရှင်းရေး၊ စိုက်ပျိုးရေးဆုရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)