တာချီလိတ်မြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

တာချီလိတ် အောက်တိုဘာ ၁

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ယနေ့နံနက် ၉ နာရီက တာ့ဟွာခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး သူရဇော်လွင်စိုးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်တို့က အမှာစကားပြောကြားပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ထံမှပေးပို့သည့် သဝဏ်လွှာကို ခရိုင်ရဲ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်လင်းအောင်က ဖတ်ကြားသည်။

ဆက်လက်၍ ထူးချွန်ရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့လုပ်ငန်းများဆောင်ရွက်ရာတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ သည့်ပုဂ္ဂိုလ်များနှင့် နေအိမ်လိုင်းခန်း သန့်ရှင်းသာယာလှပရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆု ရရှိကြသည့် ရဲတပ်ဖွဲ့ ဝင်များ၏မိသားစုဝင်များအား ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်းလက်မှတ်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး၏ ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို ဗိုလ်မှူးကြီး သူရဇော်လွင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် တာဝန်ရှိသူတို့က ပေးအပ်ချီးမြှင့်ပြီး (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုမှတ်တမ်း ဗီဒီယိုပြသသည်။

ထို့နောက် တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့၏ ပြခန်းအား ကြည့်ရှုလေ့လာခဲ့ကြပြီး အခမ်းအနား တက်ရောက်လာကြသူများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

သန်းဇော်(တာချီလိတ်)