မိုးညှင်းမြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်နှင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

မိုးညှင်း နိုဝင်ဘာ ၁

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်နှင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက အောင်သပြေရပ်ကွက်ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နိုင်ဦးကျော်က (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် မိန့်ခွန်းအားဖတ်ကြားရာတွင် မိုးညှင်းခရိုင် ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်ထမ်းဆောင်မှုများကို နိုင်ငံတော်က အလေးထား အသိအမှတ်ပြုသည့် အနေဖြင့် စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှု ဂုဏ်ပြုတံဆိပ်များကို စိစစ်ချီးမြှင့်ပေးခြင်းဖြင့် တပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်နှင့် စွမ်းရည်မြှင့်တင်ရေးကိုပါ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မိုးညှင်းခရိုင်အတွင်း ၂၀၂၂ခုနှစ် အောက်တိုဘာ(၁)ရက်မှ ၂၀၂၃ခုနှစ် စက်တင်ဘာ (၃၀)ရက်အထိ စွမ်းစွမ်းတမံမှုခင်းဖော်ထုတ်မှုဆု၊ စွမ်းစွမ်းတမံလောင်းကစား ဖော်ထုတ်နိုင်မှုဆု၊ မူးယစ်ဆေးဝါး ပမာဏအများဆုံး ဖမ်းဆီးနိုင်မှုဆု၊ မိသားစုနေအိမ်လိုင်းခန်း သန့်ရှင်းရေး ကောင်းမွန်မှုဆုနှင့် အခြားသောဆုများရရှိကြသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်ရဲမှူး နိုင်ဦးကျော်၊ ဒုတိယခရိုင်ရဲမှူး ရဲမှူးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း