မန္တလေး အောက်တိုဘာ ၁
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးဝန်ကြီး ဦးအောင်မင်း၊ စာရင်းစစ်ချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသက်လှိုင်ထွန်းနှင့် တိုင်းအဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများနှင့် အသက်(၉၅)နှစ်နှင့်အထက် အဘိုးအဘွားများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်စား လူမှုရေးရာဝန်ကြီး ဦးအောင်မင်းက အမှာစကားပြောကြားပြီး အောင်မြေသာစံခရိုင်၊ မဟာအောင်မြေခရိုင်၊ အမရပူရခရိုင်အတွင်းရှိ အခမ်းအနားသို့ တက်ရောက်လာသည့် အသက်(၉၅)နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွားများအား အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းက အခမ်းအနား မတက်ရောက်နိုင်သည့် အဘိုးအဘွားများအတွက် အလှူငွေများကို အောင်မြေသာစံခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေထံသို့လည်ကောင်း၊ မဟာအောင်မြေခရိုင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေထံသို့ လည်ကောင်း၊ အမရပူရခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်ဝင်းထံသို့လည်ကောင်း လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ အဘိုးအဘွားများကိုယ်စား အမရပူရမြို့နယ်မှ အဘိုးဦးဘရှင်က ကျေးဇူးတင်စကားပြောကြားပြီး သက်ကြီးပုဂ္ဂိုလ် ပြုစုစောင့်ရှောက်ရေးနှင့် အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက်ဗွီဒီယို မှတ်တမ်းပြသသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတွင် အဘိုးအဘွားတစ်ဦးလျှင် ငွေကျပ်သုံးသောင်းစီအပြင် ငွေကျပ်နှစ်သောင်းတန်ဖိုးရှိ လှူဖွယ်ပစ္စည်းများ၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က ငွေကျပ် ငါးထောင်စီ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့က ငွေကျပ် ငါးထောင်စီ ထောက်ပံ့လှူဒါန်းပေးကြသည်။ အောင်မြေသာစံခရိုင်၊ မဟာအောင်မြေခရိုင်နှင့် အမရပူရခရိုင်အတွင်း အသက် (၉၅) နှစ်နှင့်အထက် အဘိုးအဘွား(၄၅၄)ဦးရှိကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)