လားရှိုး အောက်တိုဘာ ၁
ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့(လားရှိုး) က (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို လားရှိုးမြို့တော်ခန်းမတွင် အောက်တိုဘာ ၁ ရက် နံနက်ပိုင်း က ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားအစီအစဉ် ပထမပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးက ဂုဏ်ပြုအမှာစကားပြောကြားပြီး ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(လားရှိုး) ရဲမှူးကြီးလှမင်းက ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၏ သဝဏ်လွှာ ဖတ်ကြားသည်။
ထို့နောက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးက (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်အဖြစ် ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့(လားရှိုး)နှင့် လားရှိုးခရိုင် ရဲတပ်ဖွဲ့တို့အား ပေးအပ်ပြီး တိုင်းမှူး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ( ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး (လားရှိုး) ရဲမှူးကြီး လှမင်းတို့က ဆုရတပ်ဖွဲ့ဝင်များအား ဆုများပေးအပ်ချီးမြှင့်၍ ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip ကိုကြည့်ရှုကာ တပ်ဖွဲ့များအလိုက် ဆောင်ရွက်ချက်များကို ခင်းကျင်း ပြသထားသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆောင်ရွက်ချက် ပြခန်းတွင် ပြသထားသည့် မှတ်တမ်းဓါတ်ပုံများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့နေ့ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(လားရှိုး)မှ ရဲတပ်ဖွဲ့နေ့ မိန့်ခွန်း ပြောကြားပြီး ဆုရတပ်ဖွဲ့ဝင်များနှင့် နေအိမ် လိုင်းခန်းသန့်ရှင်းရေးဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်