မိုးနဲမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ

မိုးနဲ  အောက်တိုဘာ  ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အားကစားနှင့် ကာယပညာ‌ကော်မတီ ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အမျိုးသား(အလွတ်တန်း)  ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းကို စက်တင်ဘာ ၃၀ ရက် ညနေ ၂ နာရီ ခွဲအချိန်ကပေါ့မိုင်းရပ်ကွက် ရှိ မြို့နယ်ပြည်သူ့အားကစားကွင်းနေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဗိုလ်လုပွဲတွင် နမ့်မော်ဆွမ့်အသင်းနှင့် နောင်ကျော့ နာဟောင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာပွဲပြီးအချိန်အထိ နမ့်မော်ဆွမ့်အသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် မြို့နယ်အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလားကို ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ဆုပေးပွဲကိုကျင်းပရာ ပထမဆုရရှိသော နမ့်မော်ဆွမ့်အသင်းအား မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က တံခွန်စိုက်ဖလား၊ ဆုငွေနှင့် လည်ဆွဲများကိုလည်းကောင်း၊ ဒုတိယဆုရရှိသော နောင်ကျော့ နာဟောင်အသင်းအား မိုးနဲမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး တိုးဝင်းဖေက ငွေသားဆုနှင့်လည်ဆွဲများကို လည်းကောင်း၊ ပွဲစဉ်တလျှောက် အကောင်းဆုံး အားကစားသမားအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းအောင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)