ကြည့်မြင်တိုင် အောက်တိုဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ နံနက် ၉နာရီက ကြည့်မြင်တိုင်မြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
အခမ်းအနားတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုးက “ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်လေးများအနေဖြင့် တင်္ခနုပ္ပတ္တိဉာဏ်များ ဖွံ့ဖြိုးရှင်သန်စေရန်၊ နှုတ်မှုရေးရာ စွမ်းဆောင်ရည်များ မြင့်မားလာစေရန်၊ ကောင်းသောယှဉ်ပြိုင်မှုမှတစ်ဆင့် မိမိ၏ရည်မှန်းချက် ပန်းတိုင်ရောက်ရှိ အောင် ကြိုးပမ်းအားထုတ် တတ်စေရန်၊ အသိပညာဗဟုသုတတွေကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးသည့် အလေ့အကျင့်များ ဖြစ်ပေါ်လာစေရန်နှင့် အနာဂတ်နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြမည့် စွမ်းရည်ထက်မြက်သည့် လူငယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ ယခုလိုကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ် ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ (၆) ဦးတို့က မဲကျရာခေါင်းစဉ်များ ဖြစ်သည့် ယနေ့လူငယ် နောင်ဝယ် လူကြီး၊ ကျန်းမာခြင်းသည်လာဘ်တစ်ပါး၊ အစဥ်ရှေးရှုမြန်မာ့ယဉ်ကျေးမှု၊ လူငယ်နှင့်နည်းပညာ၊ စာပေမြှင့်မှလူမျိုးတင့်မည်၊ အားကစားဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်စို့ စသည့် ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူတို့အား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများ အသီး သီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသီဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက် ကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိ ပညာပေးနံရံကပ်စာစောင်နှင့်သုတ/ရသစာအုပ်များကိုတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ခိုင်ဇာလင်း