ဖားကန့် အောက်တိုဘာ ၂၀
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်ပြင်ပရောက်သူများက ပုံစံ(၁၅)ဖြင့် ကြိုတင်မဲပေးရန် တောင်းဆိုထားသူ များမှ လက်ရှိအချိန်ထိဆောင်ရွက်ပေးနိုင်သူ(၂၃၉)ဦးအနက် ကြိုတင်မဲပေးသူ (၁၀)ဦး၏ ဆန္ဒမဲများ ဖားကန့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ယမန်နေ့က ပထမဆုံး ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ရောက်ရှိလာသော ကြိုတင်ဆန္ဒမဲများအား သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲအား စောင့်ကြည့် လေ့လာသူများနှင့် သတင်းမီဒီယာများရှေ့မှောက်တွင် ဆန္ဒမဲပုံးအား အလွတ်ပြသခြင်း၊ လုံခြုံရေးကြိုးများဖြင့်ပိတ်ခြင်း၊ လုံခြုံရေးလျို့ဝှက်ကုဒ်များအား သက်ရောက်လာသူက မှတ်သား စေခြင်းနှင့် ကြိုတင်ဆန္ဒမဲ လက်မှတ်များအား သက်ဆိုင်ရာမဲပုံးအတွင်း ထည့်ခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားအကျဉ်းထောင်မှ အချုပ်ကျနေသူ (၁၀)ဦးမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ အတွက် (၁၀)စောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် (၁၀)စောင်၊ ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)အတွက်(၇)စောင်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) အတွက် (၃)စောင်၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာ နေရာအတွက်(၃)စောင်နှင့် ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ နေရာအတွက်(၁)စောင်တို့ စတင်ရောက်ရှိ လာခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ကျော်သူထံမှ သိရသည်။
ဖားကန့်မြို့နယ်၌ တစ်သီးပုဂ္ဂလတစ်ဦးနှင့် နိုင်ငံရေးပါတီ(၆)ခုတို့မှ ယှဉ်ပြိုင်သူ(၂၃)ဦးတို့က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်အတွက် မဲဆန္ဒနယ်အမှတ်(၁)နှင့် (၂)တို့တွင်လည်းကောင်း၊ ကချင်ပြည်နယ်တစ်ခုလုံးအတွက် ဗမာတိုင်းရင်းသားလူမျိုးရေးရာ နေရာတွင်(၇)ဦး၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ နေရာတွင် (၈)ဦး၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာ နေရာတွင်(၈)ဦးနှင့် ရဝမ်တိုင်းရင်းသားလူမျိုးရေးရာ နေရာတွင် (၆)ဦးတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ဖားကန့်မြို့နယ်တွင် လက်ရှိမဲပေးခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူစာရင်းအရ (၁၈၄၀၀၀)ကျော် ရှိပြီး မြို့နယ်၏လူဦးရေအရ အလုံးအရင်းလိုက် မဲပေးခွင့်ဆုံးရှုံးကြောင်းကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ဖြင့် တင်ပြလာပါက ခရိုင်ရွေးကောက်ပွဲကော်မရှင်က စိစစ်ရမည့်လုပ်ငန်းစဉ်များလည်းရှိသေးကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)