ရန်ကုန် အောက်တိုဘာ ၁
မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) သည် စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ရများနှင့်ဖွဲ့ စည်းထားပြီး ၂၀၀၈ ခုနှစ်မှ စတင်တည်ထောင်ကာ တာဝန်ယူမှုရှိသော စီးပွားရေး အလေ့အကျင့်ကောင်းများနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကိုဆောင်ရွက်ခဲ့ရာမှာ ယခုနှစ်တွင် (၁၅) နှစ်တာကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
မြန်မာစီးပွားစီမံအမှုဆောင်များအသင်း၏ (၁၅) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးကို ယမန်နေ့တွင် ရန်ကုန်မြို့ရှိ Melia Hotel၌ ကျင်းပခဲ့သည်။
မြန်မာစီးပွားစီမံအမှုဆောင်များအသင်းဥက္ကဋ္ဌ ဦးမင်းဦးက “အသင်းအနေနဲ့ လုပ်ငန်းအရွယ်အစားအမျိုးမျိုးတွေအတွက် လေ့ကျင့်ရေးနဲ့ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၊ အသက်မွေးဝမ်းကျောင်းနဲ့ပညာရေးနယ်ပယ်တွေမှာ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ပေးခဲ့ပါတယ်။ MBE က UN Global Compact ရဲ့ အဖွဲ့ဝင်တွေမှာ ပထမဆုံးအဖွဲ့ဝင်လည်းဖြစ်ပါတယ်။ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ရများနဲ့ ဖွဲ့စည်းထားလို့ အားကောင်းတဲ့ အရင်းအမြစ်တွေရှိတာကြောင့် UMFCCI ကဲ့သို့ ပုဂ္ဂလိကကဏ္ဍကို ကိုယ်စားပြုပြီး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ Capacity Enhancement ကိုတစ်ထောင့်တစ်နေရာကနေ ပူးပေါင်းဆောင်ရွက်သွားပါမယ်” ဟု ပြောကြားခဲ့သည်။
ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက “စီးပွားရေးလုပ်ငန်း ဆောင်ရွက်တဲ့နေရာမှာ လိုအပ်တဲ့ နည်းပညာ/ အရည်အချင်းများ ပိုင်ဆိုင်ထားရုံနဲ့ မလုံလောက်ပဲ၊ အတွေ့အကြုံ ဗဟုသုတများကို မျှဝေပြီး လက်တွဲဆောင်ရွက်သွားဖို့ မိတ်ဖက်အဖွဲ့အစည်းများရဲ့ ပံ့ပိုးမှုလည်း လိုအပ်မှာ ဖြစ်ပါတယ်၊ မတူညီ ကွဲပြားတဲ့ အမြင်၊ အတွေးအခေါ်၊ ဗဟုသုတများ ကိုပေါင်းစပ်ပြီး မဟာဗျုဟာကျကျပေါင်းစည်းအဖြေရှာခြင်းအားဖြင့် ကောင်းမွန်တဲ့ စီးပွားရေး အသိုက်အဝန်းတစ်ခုဖန်တီးနိုင်ဖို့ များစွာအထောက်အကူပြုမှာ သေချာပါတယ်၊ စွမ်းဆောင်မှုကို လိုအပ်နေတဲ့ကာလမှာ MBE အသင်းဟာ အသိပညာ၊ အတတ်ပညာနဲ့ ပြည့်စုံတဲ့ပညာရှင်များစွာနဲ့ ဖွဲ့စည်းထားတဲ့အတွက် လုပ်ငန်းခွင်အတွင်းလိုအပ်တဲ့ အတတ်ပညာ၊ နည်းပညာများကို မျှဝေခြင်းနဲ့ လုပ်ငန်းခွင်ဆိုင်ရာသင်တန်းများကို ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ကိုလည်းမျှော်လင့်ပါတယ်” ဟုပြောကြားခဲ့သည်။
ထို့အပြင် MBE အသင်းနာယကကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က Keynote Speech ပြောကြားခဲ့ရာ “MBA ဘွဲ့ရတွေ Research လုပ်ကြပါ။ ကိုယ့်ကိုယ်ကို Professional ဖြစ်တယ်ဆိုတာ သတိပြုကြပါ။ စိန်ခေါ်မှုတွေအများကြီးရှိတဲ့အချိန်မှာ Professional ဖြစ်အောင် လုပ်ကြပါ၊ Networking တိုးချဲ့ပါ။ ဝါသနာပါတဲ့၊ ကျွမ်းကျင်တဲ့ နယ်ပယ်တွေမှာ လုပ်ကိုင်ပါ။ လေ့လာမှုကို မရပ်တန့်ပါနဲ့။ ကိုယ်ရဲ့ အရည်အသွေးကိုတိုးတက်အောင် လုပ်ပါ။ Work - Life Balance ဖြစ်ပြီး Growth Mindset ဖြစ်အောင်လုပ်ကြပါ” ဟု မှာကြားခဲ့သည်။
အခမ်းအနားတွင် ထူးခြားဖြစ်စဉ်အဖြစ် MSME လုပ်ငန်းရှင်များကို Small Business Championship Award ၊ Start-Up Excellence Awards များကို ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားသို့ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်သူဇာဝင်း၊ MBE အသင်းနာယက ပါမောက္ခဒေါက်တာအောင်ထွန်းသက်၊ အကြံပေးပုဂ္ဂိုလ် ဦးသိန်းဝင်း၊ အသင်းဥက္ကဋ္ဌ ဦးမင်းဦးနှင့်အမှုဆောင်များ၊ MBE အသင်းဝင်များ၊ MBE အသင်း၏ မိတ်ဖက်အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ကျော်ဆန်းမြင့်