ကျိုင်းတောင်း အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ ကျိုင်းတောင်း တိုက်နယ် ဆေးရုံရှိ ပင်မဆောင်၊ အမျိုးသားဆောင်၊ အမျိုးသမီးဆောင်၊ ခွဲစိတ်ဆောင်နှင့် စတိုဆောင်တို့၏ ခေါင်မိုးများ မျက်နှာကျက်များနှင့် လျှပ်စစ်ဝါယာကြိုးများ အသစ် လဲလှယ် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ တိုက်နယ်ဆေးရုံ၏ အဆောင်များသည် လွန်ခဲ့သော နှစ်ပေါင်း(၄၀) ကျော် ကာလခန့်က တည်ဆောက်ထားခြင်း ဖြစ်သောကြောင့် နှစ်ကာလကြာရှည်လာသည် နှင့်အမျှ အဆောင်၏ ခေါင်မိုးများ မျက်နှာကျက်များ ဝါယာကြိုးများ ဟောင်းနွမ်း ပျက်စီးနေခြင်း၊ မိုးယိုခြင်း၊ ချစားခြင်း၊ ဆေးရုံတက်လူနာများသည်လည်း သက်တောင့် သက်သာဖြင့် ဆေးရုံမတက်နိုင်ခြင်းတို့ကြောင့် အသစ်လဲလှယ် ပြင်ဆင်မွမ်းမံခြင်းများ ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း ကျိုင်းတောင်းတိုက်နယ် ဆေးရုံတာဝန်ခံ ဒေါက်တာ ဝင်းထက်မွန် ထံမှ သိရသည်။
ထိုသို့ ပြင်ဆင်ဆောင်ရွက်ရာတွင် ICRC မှ လှူဒါန်းငွေသိန်း (၃၅၀) အပြင် ဌာနဆိုင်ရာ များနှင့် ပြည်သူလူထုတို့၏ ပါဝင်လှူဒါန်းငွေ သိန်း(၁၀၀)ခန့် စုစုပေါင်းငွေကျပ် သိန်း (၄၅၀)ခန့်ဖြင့် Kyaw. K & K Co.,ltd မှ တာဝန်ယူဆောင်ရွက်၍ အဆိုပါ ပြင်ဆင် ခြင်းကို (၂၀.၉.၂၀၂၀)ရက်နေ့မှ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ပြင်ဆင်ဆောင်ရွက်နေမှု (၃၅) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း Kyaw. K & K Co.,ltd ၏ တာဝန်ရှိသူ MD ဦးဝေယံကျော် ထံမှသိရသည်။
ကျိုင်းတောင်း(ပြန်/ဆက်)