ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု၊ ပြည်နယ်ဝန်ကြီးချုပ်ဖလားခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

စစ်တွေ  စက်တင်ဘာ ၃၀

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုပြီး စစ်တွေတက္ကသိုလ် အားကစားခန်းမ၌ ကျင်းပသော ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက်(၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများ ပေးအပ်ချီးမြှင့်သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် မေယုလမ်းတလျောက် လမ်းမကြီးဘေးဝဲယာတွင် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက စစ်တွေမြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေလေဆိပ်အဝင် လမ်းတလျောက်တွင် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုကြပြီး လေဆိပ်အဝင်လမ်း သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်အားကစားခန်းမ၌ ကျင်းပသော ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက် ကြည့်ရှုအားပေးကြသည်။ ဦးစွာ ဗိုလ်လုပွဲအဖြစ် ကျောက်ဖြူခရိုင်အမျိုးသားအသင်းနှင့် သံတွဲခရိုင်အမျိုးသားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သံတွဲခရိုင်အသင်းက အနိုင်ရရှိသည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် တတိယဆု ရရှိသော အသင်းအား ပြည်နယ်လူမှုရေးရာဝန်ကြီးက လည်ဆွဲဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် တတိယဆုရရှိသောအသင်းအား ပြည်နယ်သယံဇာတ ရေးရာဝန်ကြီးက လည်ဆွဲဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း၊ အမျိုးသမီးဘော်လီဘော ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော အသင်းအား ပြည်နယ်စီးပွားရေးရာဝန်ကြီးက လည်ဆွဲဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသော အသင်းအား ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လည်ဆွဲဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသော စစ်တွေခရိုင်အသင်းအား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က လည်ဆွဲဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသော သံတွဲခရိုင်အသင်းအား လည်ဆွဲဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။

ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲသို့ ခရိုင်(၅) ခရိုင်မှ ပြိုင်ပွဲဝင်အသင်း (၁၀)ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင် ပထမဆုရရှိသော အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု (၅)သိန်းကျပ်၊ ဒုတိယဆုရရှိသောအသင်းအား ငွေသားဆုကျပ် (၃)သိန်းနှင့် တတိယဆုရရှိသော အသင်းအားငွေသားဆုကျပ်(၂) သိန်းစီပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)