လားရှိုးမြို့တွင် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ဆင့်ပွားသင်တန်းဆင်းပွဲကျင်းပ

လားရှိုး စက်တင်ဘာ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မိုးလုံလေလုံလေ့ကျင့်ရေးအားကစားရုံတွင် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ဆင့်ပွားသင်တန်း ဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။

သင်တန်းဆင်းပွဲသို့ လားရှိုးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမွန် တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းထူးချွန်ဆု ရရှိသူတစ်ဦးနှင့် နည်းပြများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဝါသနာရှင်သင်တန်းသူများအဖွဲ့နှင့် သင်တန်းသူများက အေရိုးဗစ်စုပေါင်း သရုပ်ပြဖျော်ဖြေခဲ့ကြသည်။

အဆိုပါသင်တန်းကို စက်တင်ဘာလ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၂၉ ရက်နေ့ထိ ၅ ရက်တာ ဖွင့်လှစ်သင်ကြားခဲ့ပြီး  ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ မြို့နယ်အသီးသီးမှ  အားကစားမှူးများ၊ လားရှိုးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာမများ စုစုပေါင်း ၁၅၆ ယောက် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)