စစ်တွေ စက်တင်ဘာ ၃၀
ရခိုင်ပြည်နယ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၉ ရက် ညနေပိုင်းက စစ်တွေတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အကဲဖြတ်အဖွဲ့ဝင်ပညာရှင်များ၊ ပြိုင်ပွဲဝင်များ၊ မြို့မိ၊ မြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို အဆိုပြိုင်ပွဲဝင် မောင်မိုးစည်သူအောင်က အောင်ပါစေတေးသီချင်းဖြင့် သီဆိုကာ ဖွင့်လှစ်ပေးသည်။ ထို့နောက် အဆို၊ အကပြိုင်ပွဲများတွင် ဆုရရှိသူများအား စစ်တွေတက္ကသိုလ်ပါမောက္ခချုပ်၊ တောင်ကုတ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများတို့က ဆုရရှိသူများကို ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ကြသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က အဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲနှင့် အတီးပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ရခိုင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်က အမျိုးသမီးအကပြိုင်ပွဲတွင် ဆုရရှိကြသူများနှင့် ကဗျာလွတ်အကပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အတီးပြိုင်ပွဲတွင်ဆုရရှိသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ပြီး ခရိုင်အလိုက် ဆုတံဆိပ်အများဆုံးရရှိသော ခရိုင်အား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုများပေးအပ်ကာ ပြိုင်ပွဲတွင်အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် ဝါသနာရှင်များက ကပြသီဆိုဖျော်ဖြေကြပြီး (၂၄)ကြိမ်မြောက် ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဂုဏ်ပြုသောအားဖြင့် ဦးထွန်းအောင်ရွှေ(ကဗျာဆရာ စစ်တွေညိုသန့်) ရေးစပ်သီးကုံးသော “ထိန်းသိမ်းစို့လေ၊ ရိုးရာအမွေ” တေးသီးချင်းဖြင့် ပြိုင်ပွဲဝင်များက သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ရခိုင်ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ တီးပြိုင်ပွဲကို စက်တင်ဘာ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့ထိ ကျင်းပခဲ့ရာ ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင်အသီးသီးမှ ပြိုင်ပွဲဝင် (၁၄၀) ဦးတို့က သက်ဆိုင်ရာ ဘာသာရပ်အသီးသီးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ်ဆု၊ ငွေတံဆိပ်ဆု၊ ကြေးတံဆိပ်ဆုနှင့် နှစ်သိမ့်ဆုအပါအဝင် ဆုစုစုပေါင်း ၈၆ ဆုကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)