မိုင်းယောင်းမြို့နယ်ရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်း ၅၁ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး

မိုင်းယောင်း အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အ.မ.က(ယမ်းခမ်း)နှင့် အ.လ.က-ခွဲ(မုန်းလိုက်)ရှိ Quarantine Centre များမှ ပညာရေးဝန်ထမ်း ၅၁ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမှုအဖြေမှာ ပိုးမတွေ့ရှိကြောင်းယမန်နေ့ က မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ဆရာ၊ ဆရာမများ၏ ဓာတ်ခွဲနမူနာများကို အ.လ.က-ခွဲ(မုန်းလိုက်)ရှိ Quarantine Centre ၌ အောက်တိုဘာ ၁၃ ရက်တွင် ရယူပြီး တောင်ကြီးမြို့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ အောက်တိုဘာ ၁၉ ရက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ဓာတ်ခွဲအဖြေ ထုတ်ပြန်ချက်အရ ပိုးတွေ့ရှိသူ မရှိကြောင်း သိရသည်။

အ.မ.က (ဟောင်ကွေ့) နှင့် အ.လ.က (တပ်တွင်း) ရှိ Quarantine Centre များမှ ဆရာ၊ ဆရာမ ၂၆ ဦး၏ ဓာတ်ခွဲနမူနာများကို အ.မ.က(ဟောင်ကွေ့)ရှိ Quarantine Centre ၌ အောက်တိုဘာ ၁၇ ရက်တွင် နောက်ထပ်ရယူပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေး နိုင်ရန် အတွက် တောင်ကြီးမြို့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ဆက်လက် ပေးပို့ထားကြောင်း လည်း သိရသည်။

အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများ၌ တာဝန်ထမ်းဆောင်ရန် နေရပ်အသီးသီးမှ ပြန်လည် ရောက်ရှိလာကြသည့် ဆရာ၊ ဆရာမများကို အ.လ.က(တပ်တွင်း)၊ အ.မ.က (ယမ်းခမ်း)၊ အ.မ.က(ဟောင်ကွေ့)နှင့် အ.လ.က-ခွဲ(မုန်းလိုက်)ရှိ School Based Quarantine Centre အသီးသီးတွင် Quarantine ၁၄ ရက် ဝင်ရောက်နေလျက်ရှိပြီး ကျန်းမာရေးဌာနမှ အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ကို နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း