ညောင်ဦး စက်တင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူ စက်တင်ဘာ ၃၀ ရက် တော်သလင်းလပြည့်ကျော်(၁)ရက်နေ့တွင် တစ်သိန်းခန့်ရှိကြောင်း ညောင်ဦးမြို့နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)တာဝန်ရှိသူများထံကသိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးလာရောက်ကြရာ ပြန်လည်ဖွင့်လှစ်ထားသည့် ဟိုတယ် ၇၃ လုံးပြည့်သလောက်နီးပါးရှိနေပြီး နေ့ခြင်းပြန် ဘုရားဖူးခရီးသွားများလည်း အလွန်များပြားလျှက်ရှိကြောင်း သိရသည်။ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများသည် သမိုင်းအထင်ကရဘုရားများသို့ ဘုရားဖူးဝင်ရောက်သူ များပြားလျှက်ရှိသလို သမိုင်းစာအုပ်များဖတ်၍ နံရံဆေးရေးပန်းချီရှိသည့် ဘုရားများ၊ ဗိသုကာပညာအဆင့်အတန်းမြင့်မြင့် တည်ဆောက်ထားသည့် ဘုရားများ၊ Online ပေါ်တွင်နာမည်ကြီးနေသည့် ဘုရားများဖြစ်သည့် ရွှေဂူကြီးဘုရားခေါ်နန်းဦးဘုရား၊ သူငယ်တော်ဘုရား၊ စိမ်းညက်အမဘုရား၊ ရွှေကွန်ခြာဘုရား၊ စိုးမင်းကြီးအုတ်ကျောင်း၊ စိုးမင်းကြီးဘုရား၊ ကျောက်မျက်မှော် ဘုရားတို့တွင်လည်း ဘုရားဖူးလေ့လာရေးလာရောက်သူများပြားလျှက်ရှိကြောင်း၊ ဂေါပက အဖွဲ့ထားရှိသည့် ဘုရား(၁၈)ဆူဖြစ်သော ရွှေစည်းခုံ၊ တုရင်တောင်၊ လောကနန္ဒာစွယ်တော်မြတ်စေတီ၊ ငှက်ပစ်တောင်၊ ထီးလိုမင်းလို၊ အလိုတော်ပြည့် ၊မဟာငှက်ပစ်တောင်၊ စူဠာမဏိ၊ ဓမ္မရံကြီး၊ ပြဿာဒ်ကြီးဘုရား၊ မဟာဗောဓိဘုရား၊ ဗူးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ရွှေဆံတော်ဘုရား၊ ဓမ္မရာဇကဘုရား၊ အာနန္ဒာဘုရား၊ သဗ္ဗညုဘုရားနှင့်ဓမ္မရံကြီးဘုရားတို့တွင် ဘုရားဖူးများ ကြိတ်ကြိတ်တိုးများပြားလျှက်ရှိကာ ဘုရားများတည်ဆောက်ပုံ ဗိသုကာပညာလေ့လာလိုသူများ၊ နံရံဆေးရေးပန်းချီလေ့လာလိုသူများကလည်း သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းများနှင့် E-Bike များဖြင့် ငှားရမ်းစီးကြကာ အဖွဲ့လိုက် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေထဲတွင် လေ့လာလျှက်ရှိကြပြီး ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးရန် ဓာတ်ပုံဝါသနာရှင် အလှဓာတ်ပုံဝါသနာရှင်များကလည်း ရင်မနားဘုရားအစုအဝေး၊ ခေမင်္ဂဘုရားအစုအဝေး၊ သစ္စာမဏ္ဏိုင်ဘုရားအစုအဝေး၊ ရွှေနန်းရင်တောကျောင်းတိုက်အစုအဝေးတို့တွင် အလှဓာတ်ပုံ၊ ဗီဒီယိုရိုက်သူများ များပြားလျှက်ရှိကြောင်း၊ တော်သလင်းလပြည့်ကျော်(၁)ရက်နေ့တွင်လည်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးလေ့လာရေး လာရောက်သူများ ပြားလျှက်ရှိရာ ပြည်တွင်းဧည့်လမ်းညွှန်များ၊ ဧည့်ကားအငှားလိုက်သူများ၊ မီနီအိုးဝေခေါ်သုံးဘီးအငှားလိုက်သူများ၊ E-Bikeအငှားလိုက်သူများ၊ မြင်းလှည်းအငှားလိုက်သူများ အဆင်ပြေနေကြပြီး၊ စားသောက်ဆိုင်များ၊ လက်အလှပန်းချီရေးဆွဲသူများ၊ ပုဂံရောက်အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ စားသောက်ဆိုင်များလည်း ဝင်ငွေတွက်ခြေကိုက်အဆင်ပြေနေကြကြောင်း၊ ခရီးသွားဝင်ရောက်မှု များပြားလာခဲ့ခြင်းနှင့်အတူ ဟိုတယ်၊ မိုတယ်(၇၃)လုံးတွင်လည်း ပြည့်သလောက်ရှိနေကြောင်း သိရကာ ဘုရားဖူးခရီးသွားဝင်ရောက်မှု တစ်သိန်းခန့်ရှိကြောင်း သိရသည်။
ဒီပါလင်း