လားရှိုးမြို့ DENKO စက်သုံးဆီဆိုင်တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုဖြစ်စဉ်၌ ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက်ကုသခံယူနေရသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေများပေးအပ်

လားရှိုး စက်တင်ဘာ ၃၀

လားရှိုးမြို့ DENKO စက်သုံးဆီဆိုင်တွင် စက်တင်ဘာလ ၂၇ ရက်နေ့ညနေပိုင်းက  ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာများရရှိကာ ဆေးရုံတက်ရောက်ကုသမှုခံယူနေရသည့် လူနာများကို ယမန်နေ့ညနေ ၃ နာရီအချိန်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့က ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌဦးမျိုးကျော်၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှမင်း၊ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးမင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦး၊ ဆေးရုံအုပ်ကြီးဒေါက်တာလှထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ကာ အားပေးစကားများ ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့က လားရှိုးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသူ ၉ ဦးကို တစ်ဦးလျှင် သုံးသိန်းကျပ်စီ ကူညီထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့ DENKO စက်သုံးဆီဆိုင်ကို ဆိုင်ကယ်ဖြင့်မောင်းနှင်လာသူတစ်ဦးက ဗုံးထောင်ဖောက်ခွဲခဲ့မှုကြောင့်  ခရီးသည်တင် မှန်လုံယာဉ်တစ်စီးနှင့် ၎င်းယာဉ်ပေါ်ပါခရီးသည်များ၊ စက်သုံးဆီလာဖြည့်သည့်ယာဉ်အချို့မှ ဒေသခံအချို့နှင့်ဆိုင်ဝန်ထမ်းများအနက် ထိခိုက်ဒဏ်ရာရရှိသူ ၁၂ ဦးထိရှိခဲ့ပြီး ခရီးသည်တင်ယာဉ်ပေါ်မှ ခရီးသည်နှစ်ဦးသေဆုံးခဲ့ရကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)