တောင်ဥက္ကလာပ စက်တင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉း၀၀)အချိန်က တောင်ဥက္ကလာမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ သုမင်္ဂလာလမ်းမပေါ်ရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးက သင်တန်းဆင်း အဖွင့်အမှာစကား ပြောကြားရာတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးငြိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာမှာ အန္တရာယ်ကင်းစွာနှင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် သင်တန်းမှ ပို့ချပေးသော လက်နက်မဲ့စစ်ရေးပြဘာသာရပ်၊ မီးသတ်ပညာဘာသာရပ်နှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ဘာသာရပ်များကို နည်းပြများ သင်ကြားပြသထားသည့်အတိုင်း လိုက်နာဆောင်ရွက်တတ်စေရန်နှင့် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရာမှာ စည်းကမ်း ပြည့်ဝစွာပါဝင်ဆောင်ရွက်နိုင်ရေး စသည်ဖြင့် မွန်မြတ်သည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းသားများ တက်ရောက်ခဲ့ပြီး သင်တန်းကို စက်တင်ဘာ(၄)ရက်နေ့မှ (၂၉)ရက်နေ့အထိ သင်တန်းသား (၅၀)ဦးဖြင့် သင်တန်းကာလ ရက်သတ္တပတ်(၄)ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)