ရန်ကုန် စက်တင်ဘာ၃၀
ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်တော်သလင်းလပြည့်(ဂရုဓမ္မအခါတော်နေ့)ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ဘုရားစေတီများ၌ ဝါတွင်းဥပုသ်သီတင်းစောင့်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများနှင့် စည်ကားလျက်ရှိသည်၊၊
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၅ခုနှစ် တော်သလင်းလပြည့်(ဂရုဓမ္မအခါတော်နေ့)အခမ်းအနားများကိုယမန်နေ့နံနက်(၅)နာရီခွဲမှစတင်၍ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်၊၊
ရှေးဦးစွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အာရုဏ်ဆွမ်းတော်ကြီးကပ်လှူပွဲကို စေတီတော်ရင်ပြင်ဧည့်ခံတန်ဆောင်း၌ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ ဘာသာရေးဝတ် အသင်း အဖွဲ့များက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေးချမ်း၊ ဆီမီး၊ သစ်သီးများဖြင့် ကပ်လှူပူဇော်ကြသည်။
ထို့နောက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ တော်သလင်းလပြည့် (ဂရုဓမ္မအခါတော် နေ့)အခမ်းအနားကို ဆက်လက်ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ ၊ဘာသာရေးအသင်းအဖွဲ့များက ဘုရား၊ တရား၊ သံဃာ ဂုဏ်တော်များ ရွတ်ပွားပူဇော်ခြင်း ဗုဒ္ဓ၊ ဓမ္မ၊ သံဃာဝန္ဒနာရှိခိုးခြင်း၊ ဂရုဓမ္မအခါ တော်နေ့ဆိုင်ရာ အမေးအဖြေများပြုလုပ်ခြင်း၊ ဂရုဓမ္မငါးပါးသီလအကျိုးအပြစ်လင်္ကာများ ရွတ်ဆို ပူဇော်ခြင်း၊ မေတ္တာဘာဝနာ ပွားများခြင်းတို့ကိုပြုလုပ်ဆောင်ရွက်ကြသည်။
ယင်းနောက် ဝါတွင်းသီတင်းသီလခံယူဆောက်တည်ပွဲအခမ်းအနားကို နံနက်၉နာရီခွဲတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ကျင်းပသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ စမ်းချောင်းမြို့နယ် နေနတ်သားစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တသုစိတ္တထံမှ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဘုရားဖူးလာပြည်သူများက ကိုးပါးသီလ ခံယူ ဆောက်တည်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင် များက ဆရာတော် သံဃာတော်များကို ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ထို့နောက် စမ်းချောင်းမြို့နယ် နေနတ်သားစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တသုစိတ္တထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူ၍ ရေစက်ချအမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက် ရောင်တော်ပွင့်တန်ဆောင်း၌ ဆရာတော်သံဃာတော်များအား ဂေါပကအဖွဲ့ဝင် များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
အလားတူ ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၅ ခုနှစ် တော်သလင်းလပြည့်(ဂရုဓမ္မအခါတော်နေ့) ဓမ္မပူဇာမင်္ဂလာ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါစေတီတော်ဂေါပကရုံး အာရုဏ်ခံတန်ဆောင်း အပေါ်ထပ်၌ ကျင်းပရာ ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး နတ်ဗြဟ္မာများကိုပင့်ဖိတ်ခြင်း၊ သုံးလောကထွဋ်ထား မြတ်စွာဘုရားကို ပင့်လျှောက်ခြင်း၊ အဂ္ဂသာဝက နှစ်ဆူဖြစ်တော်မူသော အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန်ရဟန်းမြတ်နှစ်ပါးတို့အား ပင့်လျှောက်ခြင်းတို့ဆောင်ရွက်ပြီး အလှည့်ကျသဘာပတိဂေါပကအဖွဲ့ဝင် ဦးထွန်းဇော်မြင့်က ဂရုဓမ္မအခါတော်နေ့ကျင်းပရခြင်းအကြောင်းကို မင်္ဂလာထောမနာစကားပြောကြားသည်။
ထို့နောက် ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များက ဂရုဓမ္မဇာတ်ပါဠိတော်နှင့် မဟာဓမ္မပါလဇာတ်တော်ပါဠိတော်တို့ကို စုပေါင်းရွတ်ဖတ်ပူဇော်ကြခြင်း၊ မေတ္တာပို့ အမျှပေးဝေခြင်း၊ ဆုတောင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)