ရန်ကင်း စက်တင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အလယ်တန်းအဆင့် Grade(9) ပြီးမြောက်အောင်မြင်သော ကျောင်းသား/ သူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာ ၂၈ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သင်္ဃန်းကျွန်းခရိုင်ပညာရေးမှူး ဒေါ်စုစုခင်က အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းသား/သူများ အားလုံး အလယ်တန်းအဆင့် Grade (9) ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို သင်ယူလေ့ကျင့်ခွင့်ရရှိနိုင်ရေးအတွက် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင် ၅၀ တွင် အခြေခံပညာအထက်တန်းကျောင်း ၅၁ ကျောင်း၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များ တွဲဖက်သင်ကြားနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။ ထို့နောက် စင်္ကာပူမြန်မာ သက်မွေးပညာ သင်တန်းကျောင်းမှ လက်ထောက်ကထိက ဒေါ်ခင်ငြိမ်းစုသွယ်က စက်မှုလက်မှု သင်တန်းနှင့်ပတ်သက်သည့် အကြောင်းအရာများကိုရှင်းလင်းဆွေးနွေးခဲ့ပြီး ရန်ကင်းပညာရေးဒီဂရီကောလိပ် အငြိမ်းစား ဆရာမကြီး ဒေါ်စန္ဒာချိုက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ရန်ကင်းမြို့နယ် ဒုတိယပညာရေးမှူး ဦးဌေးလွင်က Grade(9) အောင်မြင်ပြီးမြောက်သော ကျောင်းသား၊ ကျောင်သူများအတွက် ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)