၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၂၁ ရွာအတွက် တိုင်းဒေသကြီး အစိုးရ ဘတ်ဂျက် ကျပ်သိန်းပေါင်း ငါးသောင်းဝန်းကျင် လျာထား

မန္တလေး အောက်တိုဘာ ၂၀

မန္တလေးတိုင်းဒေသကြီးအနေဖြင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်တွင် ၅ ဘီလီယံ (ကျပ်သိန်းပေါင်း ငါးသောင်း ဝန်းကျင်) လျာထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။

“ ဒီနှစ်မှာ တိုင်းဒေသကြီးကနေ လုပ်မယ့် ရွာ ၂၁ ရွာအတွက် တိုင်းဒေသကြီးဘတ်ဂျက် ၅ ဘီလီယံလျာထားတယ်၊ ဧရာဝတီမြစ် ရေလမ်း ကောင်းမွန်ရေးကို ပြည်ထောင်စုအစိုးရက ဘတ်ဂျက်လျာထားပေးပြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဘတ်ဂျက်လျာထားပေးပါတယ်၊ ဒီနှစ်ထဲ တိုင်းဒေသကြီးဒေသ ၅ ရဲ့ ရေလမ်းနယ်မြေအတွင်း ရေလမ်းကောင်းမွန်ရေး လုပ်ငန်း ၄ ခုလုပ်ဖို့ရှိတယ်၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ကျေးရွာ ၂၁ ရွာ ဆောင်ရွက်သွားဖို့ရှိတယ်၊ ကျေးရွာ ၉ ရွာကတော့ ဧရာဝတီမြစ်မကြီးပေါ်မှာရှိပြီး ကျန်တဲ့ ၁၂ ရွာက ဧရာဝတီမြစ်မကြီးပြင်ပ မြစ်ငယ်ချောင်း ငယ်တွေပေါ်မှာရှိတယ်၊ ဧရာဝတီမြစ်ရေ များနေတဲ့အချိန် ကွင်းဆင်းစစ်ဆေးဖို့ အချက်အလက်ခက် အခက်ခဲရှိနေတော့ မစနိုင်သေးဘူး၊ မြစ်မကြီးဘေးလုပ်ငန်း ၁၂ ခုက လောလောဆယ် ကွင်းဆင်းစစ်ဆေးတာတွေ၊ အသေးစိတ်တိုင်းတာတွေ၊ မြေဆီလွှာစမ်းသပ်တာတွေလုပ်နေပါပြီ၊”ဟုမန္တလေးတိုင်းဒေသကြီး ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်မြင့်သန်း ကပြောသည်။

မန္တလေးတိုင်းဒေသကြီးအနေဖြင့် ရေလမ်းထိန်းသိမ်းရေးလုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အဆုံး ကသာမြို့အထက်ဘက်မှ ပုဂံညောင်ဦးအထိ လုပ်ဆောင်ပေးရကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရေလမ်းထိန်းသိမ်းရေးလုပ်ငန်းကို ကသာ၊ စဉ့်ကူး၊ မတ္တရာ၊ ပခုက္ကူဘက်အပိုင်းတို့၌ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများကို တိုင်းဒေသကြီး အစိုးရဘတ်ဂျက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည့် အတွက် မန္တလေးတိုင်းဒေသကြီးအတွင်း၌သာ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

"ဒီလမကုန်ခင် နည်းပညာကော်မတီ တင်နိုင်ဖို့မှန်းထားတယ်၊ အဲဒီကော်မတီကနေ ဒီဇိုင်းတွေကျလာရင် တိုင်းဒေသကြီးအစိုးရအစီအစဉ်နဲ့ တင်ဒါခေါ်တဲ့အဆင့်စမယ်၊ ရေကျတာနဲ့ လုပ်ငန်း တွေစနိုင်ဖို့ပါ၊ လုပ်ငန်းတွေကို ရေအနည်းဆုံးအချိန်လုပ်မှ စိတ်ချရတာ၊ အောက်ခြေခိုင်မာ အောင်လုပ်ပြီး အဲဒါကို အခိုင်အမာယူကာ ကမ်းပါးကိုတက်ပြီး ထိန်းသိမ်းရတဲ့လုပ်ငန်းမှာ ရေအနည်းဆုံးအချိန်ထိစောင့်ပြီး လုပ်ရတာ၊ ဇန်နဝါရီလဆန်းဝန်းကျင်လောက်စမှ လိုအပ်တဲ့ ဖောင်ဒေးရှင်းတွေကိုရတာပါ၊ ၁၂ ခုဆိုတာ ဧရာဝတီမြစ်ထဲကမဟုတ်ဘဲ ဒုဋ္ဌဝတီ၊ ပန်းလောင်၊ ဇော်ဂျီချောင်းမကြီးချောင်းထဲလည်းပါတယ်၊ ရေတော်တော်နည်းသွားတော့ လုပ်ငန်းသဘာဝအရ စလို့ရတာအရင်စတာပါ" ဟု ဆက်လက် ပြောကြားခဲ့သည်။

၂၀၁၉-၂၀၂ဝ ဘဏ္ဍာနှစ်တွင် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းအတွက် ၅ ဘီလီယံသုံးစွဲခဲ့ကြောင်း၊ ကျေးရွာ ၂ဝ ရွာကို ဖေဖော်ဝါရီလ၌ လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့ပြီး ဇူလိုင်လဆန်းတွင် လုပ်ငန်းအား လုံးပြီးစီးခဲ့ကြောင်း၊ အမှန်တကယ် ကမ်းပြိုကြုံတွေ့နေရပြီး အခက်အခဲ တွေ့နေ သည့် ဒေသခံများအနေဖြင့် ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ တိုက်ရိုက်သော်လည်းကောင်း၊ သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များကတဆင့် သော်လည်းကောင်း ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း သိရသည်။

ထိပ်ထားနိုင်