ဟိုပုံး စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မှတ်ပုံတင်ခွင့် ပြုထားသော နိုင်ငံရေးပါတီဝင်များအား နိုင်ငံရေးပါတီဝင်အင်အားများစိစစ်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကိုကိုလင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးအောင်ကျော်သူတို့က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ပါတီတို့မှ သတ်မှတ်ကာလအတွင်းပေးပို့လာသည့် ပါတီဝင်အင်အားစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က CVLMS Software ဖြင့် စစ်ဆေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ပေးပို့၍ အချက်အလက်များ မှန်ကန်မှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက Admin DEO Software ဖြင့် စစ်ဆေးခြင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြေပြင်အခြေအနေနှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ပါတီဝင်စာရင်းတွင် ဥပဒေနှင့်အညီ မြေပြင်တွင် အမှန်တကယ်နေထိုင်ခြင်းရှိ/မရှိတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ပူးပေါင်း၍ စိစစ်နေသကဲ့သို့ သက်ဆိုင်ရာပါတီဝင်များ၏ မြို့နယ် တာဝန်ခံများက ပေးပို့တင်ပြလာသည့် ပါတီဝင်ဖြစ်ကြောင်း အသိအမှတ်ပြုထားသည့် မှတ်တမ်း၊ အထောက်အထားများနှင့်လည်း ပူးပေါင်းတိုက်ဆိုင်စိစစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ သတ်မှတ် အရည်အချင်းနှင့်ကိုက်ညီသည့် ပါတီဝင်အင်အား စာရင်းများဖြစ်စေရန်အတွက် အလေးထားဆောင်ရွက် ရန်လိုအပ်ကြောင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ မှတ်ပုံတင်ခွင့် ပြုထားသော ပါတီနှစ်ခုတို့မှ တင်ပြလာသည့် နိုင်ငံရေးပါတီဝင်အင်အား စာရင်းများကို တိုက်ဆိုင်စိစစ် ခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေများနှင့် သတ်မှတ်ကာလအတွင်း စိစစ်မှုလုပ်ငန်းများပြီးစီးနိုင်ရေး အတွက် လိုအပ်ချက်များကိုဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)