နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားခရိုင်အတွင်းရှိ ပညာရေးဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ဆန်နှင့် ဆီများ ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော်  စက်တင်ဘာ ၂၉

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင်၊ ပုဗ္ဗသီရိမြို့၊ အောင်စည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏ မဟာထေရ်မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး  ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပသည့် ပျဉ်းမနားခရိုင်အတွင်းရှိ ပညာရေးဝန်ထမ်းများ တွေ့ဆုံအားပေးထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင်  နိုင်ငံတော်မှ ပညာရေးကဏ္ဍ မြင့်မားတိုးတက်လာစေရန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့၏ ကျောင်းသား၊ ကျောင်းသူများကို အရည်အသွေးပြည့်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူတော် လူကောင်းများ၊ နိုင်ငံ့သားကောင်းများ၊ ယဉ်ကျေးလိမ္မာသောကလေးများဖြစ်အောင် ပြုစုပျိုးထောင်ကြရန် စေတနာ၊ ဝါသနာ၊ အနစ်နာ နာ(၃)နာနှင့်အညီ သင်ကြားပေးစေလိုကြောင်း၊ အသိပညာမြင့်မားစေရေး အတွက် မိမိကိုယ်တိုင် စာပေလေ့လာမှုသာမက မိမိတို့၏ တပည့်၊ သားသမီးများကိုလည်းစာပေဗဟုသုတ မြင့်မားအောင် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ပညာသင်ကြားရေးတွင် ဆရာ၊ဆရာမများ၏ အခန်း ကဏ္ဍသည် အလွန်ကျယ်ပြန့်ပြီး အဓိကကြသဖြင့် ဆရာ၊ ဆရာမများ၏ နေထိုင်စားသောက်မှုများကို အဆင်ပြေစေရေးအတွက် နိုင်ငံတော်မှတတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ နေပြည်တော် ကောင်စီအနေဖြင့်လည်း တတ်နိုင်သမျှထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း၊ နေပြည်တော်ကောင်စီ ဦးဆောင်၍ ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်း(၅)ကြောင်းဖြင့် တောင်ပေါ်ဒေသများသို့ သွားရောက်၍ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဆန်၊ ဆီ၊ စားသောက်ကုန်များ၊ ဆိုလာများ၊ စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရမှ ကျေးလက်နေပြည်သူများအပါအဝင်  တိုင်းရင်းသားများ၏ စာတတ်မြောက်မှုနှုန်းနှင့် အတန်းပညာတတ်မြောက်မှုကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် စာတတ် မြောက်ရေးအကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် စာတတ်မြောက်ရေး လှုပ်ရှားမှုများကိုဆောင်ရွက် လျက်ရှိကြောင်း၊ ပျဉ်းမနားမြို့ တောင်ပေါ်ဒေသများတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများ အနေဖြင့်မြေပြန့်မှာ တာဝန်ထမ်းဆောင်ရသော ဆရာ၊ ဆရာမများနှင့် နှိုင်းယှဉ်ပါက လမ်းပန်း ဆက်သွယ်ရေး၊ သွားလာနေထိုင်စားသောက်ရေး ခက်ခဲမှုရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဆရာ၊ ဆရာမ အလုပ်ဆိုသည်မှာ အမွန်မြတ်ဆုံးအလုပ်ဖြစ်သည့်အတွက် မိမိအလုပ်ကို ဂုဏ်ယူစွာဖြင့် စေတနာထားပြီး တောင်ပေါ်ဒေသ ကလေးငယ်များကို ပညာတတ်မြောက်အောင် သင်ကြားပေးစေလိုကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရေးအတွက်  အဓိကအရေးပါသူများ ဖြစ်ကြပါကြောင်း၊ သင်ကြားသူ နှင့် သင်ယူသူ ဟန်ချက်ညီရေး၊ ဆရာ၊ဆရာမများ၏ အရည်အသွေးကို ဆန်းသစ်သည့် အယူအဆအတွေး အခေါ်သစ်များဖြင့် အမြဲရှင်သန်မြှင့်တင်ရေးအစဉ် ကြိုးစားသွားရမှာ ဖြစ်ကြောင်း၊ (KG+12)သင်ရိုးသစ်များကို သင်ကြားရာတွင် ကျွမ်းကျင်မှုများနှင့် ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုများရရှိအောင် သင်ကြားပေးကြရန်နှင့် အနာဂတ်ပညာရေးနယ်ပယ်ကဏ္ဍများ မြင့်မားတိုးတက်ရေး အတွက် တစ်မျိုးသားလုံးပညာရည်မြှင့်တင်မှုကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆရာ/ဆရာမများ အားလုံးက ဝိုင်းဝန်းပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက ပျဉ်းမနားခရိုင်အတွင်းရှိပညာရေး ဝန်ထမ်းများအား ဆေးစိမ်ခြင်ထောင်များနှင့် ဗဟုသုတရဖွယ်စာအုပ်စာတမ်း များပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက လက်ခံရယူကြပြီး ပျဉ်းမနားမြို့နယ် တောင်ပေါ်ဒေသရှိ ဆရာ/ဆရာမများကိုယ်စား ကျောင်းအုပ်ဆရာကြီး တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တက်ရောက်လာကြသည့် ပျဉ်းမနားခရိုင် အတွင်းရှိ ပညာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံး၌  ပျဉ်းမနားခရိုင်အတွင်းရှိ ပညာရေးဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် တစ်ဦးလျှင်ဆန် လေးပြည်နှုန်း၊ ဆီ တစ်ပိသာနှုန်းစီဖြင့် ရောင်းချပေးနေမှုကိုကြည့်ရှုအားပေးသည်။

ယနေ့တွင် နေပြည်တော်ရှိ မြို့နယ် ရှစ်မြို့နယ်ရှိ ပညာရေးဝန်ထမ်း ဆရာ/ဆရာမများအား တစ်ဦးလျှင် ဆန် လေးပြည်နှုန်း၊ ဆီ တစ်ပိသာနှုန်းစီကို သက်သာသောဈေးနှုန်းဖြင့် တစ်ပြိုင်တည်း ရောင်းချပေးလျက်ရှိရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာမြို့နယ်အလိုက် သွားရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ပျဉ်းမနားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံး၌  ပျဉ်းမနားမြို့နယ် တောင်ပေါ်ဒေသကျေးရွာများဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး က အမှာစကား ပြောကြားရာတွင် ပျဉ်းမနား မြို့နယ်ရှိ တောင်ပေါ်ဒေသကျေးရွာများအား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအနေဖြင့် ကျေးလက်နှင့်မြို့ပြ ကွာဟမှုမရှိစေရေး အလေးထားဆောင်ရွက်စေလို ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဆောင်ရွက်ပေးရမည့်လုပ်ငန်းများနှင့် အခြေခံစားဝတ်နေရေး တိုးတက်စေရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများအလိုက် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ တောင်ပေါ်ဒေသများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းများကို နည်းစနစ် တကျ တီထွင်ကြံဆပြီး ဖွံ့ဖြိုးတိုးတက်အောင် အရှိန်ဟုန်မြှင့်ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာများက တောင်ပေါ်ဒေသများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျေးလက်ရေရရှိရေး၊ လယ်ယာ မြေကိစ္စများ၊ လျှပ်စစ်မီးလင်းရေးကိစ္စရပ်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိစ္စရပ်များ လက်ရှိဆောင်ရွက် နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ မိုးသီရိ အထည်ချုပ် လုပ်ငန်းသို့ သွားရောက်၍ အထည်ချုပ်လုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးရာ စက်ရုံမှ တာဝန် ရှိသူများက အထည်များ ထုတ်လုပ်ရောင်းချနေမှုများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ နေရောင်ပြအင်း ပြည်လုံး ချမ်းသာစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ပြီး စေတီတော်အနီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်းများ ဆက်ကပ်ပူဇော်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)