တောင်သာ စက်တင်ဘာလ ၂၉
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် ၁၇ အနက် ပန်းတိုင် ၆ အရ ၂၀၃၀ ပြည့်နှစ်တွင် လူသားတိုင်း သန့်ရှင်းသော သောက်သုံးရေနှင့် မိလ္လာစနစ်ရရှိရေး၊ စဉ်ဆက်မပြတ် စီမံခန့်ခွဲမှု ဖြစ်ပေါ်စေရေးအတွက် နှစ်စဉ်ရန်ပုံငွေအလိုက် ကျေးလက်ရေရရှိရေး လုပ်ငန်းများကို လျာထားဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၌ လျာထားတင်ပြမည့် ကျေးရွာ ၆ ရွာတွင် မြေအောက်ရေ ရရှိနိုင်စွမ်း (Geophysical Survey) တိုင်းတာခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့တိုင်းတာဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီး၊ မြေအောက်ရေတိုင်းတာရေးအဖွဲ့မှ အကြီးတန်းစာရေး ဦးသက်အောင်ခိုင်နှင့် အငယ်တန်း အင်ဂျင်နီယာ-၃ ဦးသီဟစိုးတို့သည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများလိုက်ပါပြီး ကွင်းဆင်းတိုင်းတာဆောင်ရွက်ပေးခဲ့ရာ (၂၁-၉-၂၀၂၃) ရက်နေ့မှ (၂၃-၉-၂၀၂၃) ရက်နေ့ထိ တိုင်းတာခဲ့ရကြောင်း၊ သာစည်ကျေးရွာ၊ ကန်သုံးဆင့်ကျေးရွာ၊ အေးကျင်း၊ ကန်သာယာ(လ)၊ ရောင်ခြည်ဦးကျေးရွာနှင့် အောင်မြင့်မိုရ်ကျေးရွာများတွင် တိုင်းတာဆောင်ရွက်ခဲ့ကြောင်း၊ တဆက်တည်း စက်ရေတွင်း၊ ရေစက်ရုံ၊ ရေကန် တည်ဆောက်မည့်မြေနေရာများ ရရှိလှူဒါန်းမှုအတွက် ညှိနိူင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)