ကျောက်ပန်းတောင်း စက်တင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားတောင်ကလပ်တွင် (၇၁)ကြိမ်မြောက်ကျင်းပသည့် အဘဘိုးမင်းခေါင်ထွက်ပွဲ/အောင်ပွဲသို့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ယုံကြည်ကိုးကွယ်သူများဖြင့် စည်ကားလျက်ရှိရာ စက်တင်ဘာ(၂၉)ရက်နေ့ နံနက်ပိုင်းက ကားလမ်းများ ပိတ်ဆို့၍ တောင်တက်လမ်းတစ်လျှောက် တိုးမပေါက်အောင် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် စရဏအကျင့် ကျင့်ကြံ၍ သာသနာပြုခဲ့သည့်၊ စင်မြင့်ကျေးရွာ ဇာတိဘွား ဘိုးတော်အောင်မင်းခေါင် ကွယ်လွန်ခဲ့သည့် ၁၃၁၄ခုနှစ်၊ တော်သလင်းလပြည့်ကျော်(၂)ရက်နေ့ကို ဘိုးတော်အောင်မင်းခေါင်(အသေထွက်) ထွက်ရပ်ပေါက်သည့်နေ့ဟု ယုံကြည်ဆွဲမှတ်၍ တပြည့်သာဝကများက ဦးဆောင်ကာ တော်သလင်းလပြည့်ကျော်(၂)ရက်နေ့ကို ဘိုးတော်ထွက်ပွဲ/ အောင်ပွဲနေ့အဖြစ် သတ်မှတ်ကျင်းပကြခြင်းဖြစ်ကြောင်း သိရပြီး ယခုနှစ်သည် (၇၁)နှစ်မြောက်ဖြစ်ကြောင်း သိရသည်။ ထွက်ပွဲနေ့ဖြစ်သည့် တော်သလင်းလပြည့်ကျော်(၂)ရက်နေ့ မတိုင်မီ တော်သလင်းလဆန်း ၁၃ ရက်/ ၁၄ ရက်နေ့များမှစ၍ အချို့မှာ အစုအဖွဲ့အလိုက် ရောက်ရှိလာကြပြီး တော်သလင်း လပြည့်နေ့တွင် အနယ်နယ်အရပ်ရပ်မှ ယုံကြည်ကိုးကွယ်သူများနှင့် အနီးဝန်းကျင် မြို့များ/ကျေးရွာများမှ ဘုရားဖူးသူများနှင့် ပွဲတင်လှူဒါန်းသူများ ယာဉ်ကြီး/ယာဉ်ငယ်မျိးစုံဖြင့် စုဝေးရောက်ရှိလာလေ့ရှိရာ၊ အဆိုပါရက်များတွင် တောင်ကလပ်သို့ ဘုရားဖူးနှင့် ယုံကြည်ကိုးကွယ်သူလူဦးရေ တစ်သောင်းမှ သုံးသောင်းဝန်းကျင်အထိ လာရောက်ကြကြောင်း သိရပြီး ပုပ္ပားကျေးရွာနှင့် တောင်ကလပ်ကျေးရွာ ဒေသခံများအနေဖြင့် အုန်း/ငှက် ပျောရောင်းချသူများနှင့် ပွဲဆင်ရောင်းချသူများ၊ ဒေသထွက် ရာသီစာဖြစ်သည့် ဩဇာသီးရောင်းချသူများ၊ ပန်းရောင်းချသူများလုပ်ငန်း အဆင်ပြေလျက်ရှိကြကြောင်းနှင့် တောင်ကလက်အခြေအထိ မော်တော်ယာဉ်ကြီးများနှင့် Express ကားကြီးများ ဝင်ရောက်ခွင့်မရှိသဖြင့် အထမ်းလုပ်သားများ၊ ဆိုင်ကယ်ကယ်ရီဆွဲသူများ၊ သုံးဘီးဆိုင်ကယ်သမားများ သယ်ယူပို့ဆောင်မှုလုပ်ငန်း အဆင်ပြေလျက် ရှိကြကြောင်း သိရသည်။
“ကျွန်မတို့ အဘပွဲတင်မယ်ဆိုရင် တစ်သောင်း ခွဲတန်ကနေ သုံးသောင်းတန်အထိ အစားစားရှိပါတယ်ရှင့်။ ငှက်ပျောသုံးဖီးပါပွဲက တစ်သောင်းခွဲနဲ့ ငါးဖီးပါပွဲဆိုရင် နှစ်သောင်းခွဲ၊ သုံးသောင်း အစားစားပေါ့။ ကိုယ်တင်ချင်တဲ့ နန်းအထိပွဲကို အရောက်ပို့ပေးပါတယ်၊ တောင်ထိပ်နန်းဆိုလည်း တောင်ထိပ်နန်း အထိပို့ပေးတာပါ။ နောက်ပြီး ကန်တော့ပွဲမှာလည်း အုန်း/ငှက်ပျောအပြင် ဖယောင်းတိုင်၊ အမွှေးတိုင်၊ ပန်းစုံစုံလင်လင် ထည့်ပေးထားပါတယ်ရှင့်….” ဟု ဒေသခံဈေးသည် မအေးစန္ဒာက ပြောသည်။
ဘိုးတော်ထွက်ပွဲကာလတွင် လုံခြုံရေးနှင့်လမ်းရှင်းလင်းရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှု၊ တောင်ကလပ် ဘဏ္ဍာထိန်းဂေါပကအဖွဲ့၏ ပံ့ပိုး၊ စီမံမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဂေါပကလုံခြုံရေး ဝန်ထမ်းများနှင့် ဒေသခံလူမှုရေး အသင်းအဖွဲ့ဝင်လူငယ်များ ပူးပေါင်း၍ တောင်ကလပ် အောက်လမ်းအတက် ရွှေညောင်ပင်ဂိတ်၊ ပုပ္ပားမြို့အဝင်လမ်းခွဲဂိတ်နှင့်တောင်ကလပ်အခြေတို့တွင် ယာဉ်လမ်းကြောရှင်းခြင်း၊ ယာဉ်ကြီးများရပ်နားရန်နေရာသို့ ပို့ဆောင်ခြင်းနှင့် ယာဉ်ထိခိုက်မှု၊ လမ်းပိတ်ဆို့မှု မဖြစ်အောင် လမ်းရှင်းများ ကူညီဆောင်ရွက်ပေးလျက်ရှိကြပြီး လပြည့်ကျော်တစ်ရက်နှင့် နှစ်ရက်နေ့များအထိ တိုးမပေါက်အောင် စည်ကားများပြားနိုင်ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)