ပင်းတ စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဝါတွင်းကာလ တော်သလင်းလပြည့်နေ့(စက်တင်ဘာလ ၂၉ ရက်နေ့)တွင် ပင်းတယမြို့နှင့် အနီးအနားဝန်းကျင်ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကုသိုလ်ကောင်းမှု ပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။
ပင်းတယမြို့ပေါ်နှင့် အနီးအနားပတ်ဝန်းကျင်ရှိ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၌ ဗုဒ္ဓဘာသာဝင် ပြည်သူများသည် နံနက်အာရုံတက်ချိန်မှစတင်၍ ဘုရားစေတီများ၌ ဆွမ်း၊ ပန်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းခြင်း၊ ရဟန်းသံဃာများအား အာရုံဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဇီဝဒါနဘေးမဲ့လွှတ်ခြင်း စသည့်ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့မြင်ရသည်။
ထို့အပြင် မြို့၊ ရွာ၊ ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဝါဆိုသင်္ကန်း၊ ဆွမ်း၊ ခဲဖွယ်ဘောစဉ်များကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြပြီး သံဃာတော်များကလည်း သီလပေးတရားတော်နှင့် နိဗ္ဗာန်ရောက်ကြောင်း တရားတော်များ ဟောကြားချီးမြှင့်ကြသည်။
ယနေ့တွင် ပင်းတယမြို့၏ အထင်ကရဖြစ်သော သဘာဝရွှေဉမင်လိုဏ်ဂူ၊ ကုံလုံစဉ့်စံကျောင်း၊ စင်္ကြာတောင်တို့တွင် ဒေသခံပြည်သူများသာမက အနယ်အနယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူအပေါင်းတို့ လာရောက်၍ ရွှေသင်္ကန်းကပ်လှူခြင်း၊ ဆွမ်းရေချမ်း၊ ပန်းများ ကပ်လှူခြင်း၊ ဆီးမီးပူဇော်ခြင်း၊ ရေသပ္ပာယ်ခြင်းများအပြင် ဥပုသ်သီတင်း သီလဆောက်တည်၍ တရားအားထုတ်ခြင်းနှင့် ဘာသာရေး၊ လူမှုရေးဝတ်အသင်းအဖွဲ့များက ဓမ္မစကြာတရားတော်တို့ကို အဖွဲ့လိုက်၊ မိသားစုလိုက် ရွတ်ဖတ်၍ ကုသိုလ်ကောင်းမှုပြုကြသည်။
ထို့အတူ ပင်းတယမြို့၏ အထင်ကရနေရာများဖြစ်သော သဘာဝပုန်းတလုတ်ရေကန်၊ ဇော်ဂျီရေထွက် ချောင်း၊ ရွှေဥမင်ဘုရားတော်ခြေ၊ ကြာအင်းကန်နှင့် အင်းလေးကန်တို့တွင်လည်း ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်မှ လာရောက်အပန်းဖြေကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ရဲထက်ဦး(ဓနုမြေ)