တောင်သာ စက်တင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေသော မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေများ နဝမအကြိမ် ပြန်လည်ထုတ်ချေးပေးခြင်းကို နဘူးကျင်းကျေးရွာတွင် ယမန်နေ့က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပထမဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ပပဝင်းခိုင်က စီမံကိန်းအကြောင်း၊ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များနှင့် အကျိုးကျေးဇူးများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဥပဒေပါ အကြောင်းအရာများ ရှင်းလင်းပြောကြားပြီး အသင်းသားများ၏ သိရှိလိုသော မေးမြန်းချက်များအား ဖြေကြားပေးခဲ့ပြီး ချေးငွေဖြင့် အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ အကျိုးရှိရှိ လုပ်ကိုင်ကြရန်နှင့် အတိုးရငွေဖြင့် ကျေးရွာရဲ့ အမှန်တကယ်လိုအပ်သည့် လုပ်ငန်းများ ရွေးချယ်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာလုပ်ငန်းအဖွဲ့ထံ ရန်ပုံငွေကျပ်သိန်း ၄၃၂ သိန်း လွှဲပြောင်းပေးအပ်ကာ ကျေးရွာလုပ်ငန်းအဖွဲ့မှ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သူ ၇၅ ဦးအတွက် ကျပ် ၃၆၀ သိန်း၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူ ၁၆ ဦးအတွက် ၇၂ သိန်း၊ စုစုပေါင်းအသင်းသား ၉၁ ဦးအတွက် သိန်းပေါင်း ၄၃၂ သိန်းအား ထုတ်ချေးပေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနရုံးမှ သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)