နောင်ချိုမြို့နယ် သမဝါယမအသင်းစု၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ပြုလုပ်

နောင်ချို  စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၁-၂၀၂၂ (Mini)(၆)လနှင့် (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့က မြို့နယ်သမဝါယမအသင်းစုအစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်သမဝါယမအသင်းစု သဘာပတိ ဦးမောင်သန်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးသိန်းမြင့်နှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိတို့က အသီးသီး အမှာစကား ပြောကြားခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၃ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ဘဏ္ဍာရေးရှင်းတမ်းနှင့် စာရင်းစစ် အစီရင်ခံစာနှင့် အမှုဆောင်အဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို အသင်းစု စာရင်းစစ်မှူး ဦးကျော်ဝင်းအောင်က ဖတ်ကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဘဏ္ဍာရေးရှင်းတမ်း၊ စာရင်းစစ်အစီရင်ခံစာနှင့် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာများကို တက်ရောက်လာကြသော အသင်းဝင်များက ဆွေးနွေးခဲ့ကြကာ အခမ်းအနားမှူးက အသင်းကိုယ်စားလှယ်များ ဆန္ဒရယူပြီး နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ဆွေးနွေးမှုများမှ အတည်ပြုခြင်း၊ မှတ်တမ်းတင်ခြင်းများကို သဘာပတိခွင့်ပြုချက်ရယူ၍ အတည်ပြုကြောင်း ကြေငြာခဲ့ပြီးနောက် အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်သမဝါယမအသင်းစု၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ အမှုဆောင်များ၊ ဌာနဆိုင်ရာများ၊ အသင်းဝင်များ စုစုပေါင်းအင်အား (၈၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)