ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် တော်သလင်းလပြည့်နေ့ (ဂရုဓမ္မအခါတော်နေ့) နေ့အထူးတရားပွဲကျင်းပ

တွံတေး စက်တင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့၏ကျက်သရေဆောင်ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ၁၃၈၅ ခုနှစ်၊ တော်သလင်းလပြည်နေ့(ဂရုဓမ္မအခါတော်နေ့) နေ့ထူးနေ့မြတ်အခါသမယ၌ ရွှေဆံတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူး၍ကျင်းပသော ဝါတွင်းသီလပေးတရားနှင့် ဝါခေါင်လပြည့်(ဂရုဓမ္မအခါတော်နေ့)နေ့အထူးတရားပွဲကို ယနေ့နေလယ် ၁ နာရီက ရွှေဆံတော်စေတီရင်ပြင်ရှိ မြောက်ဘက် ချစ်တီး+ဒေါ်ပုတန်ဆောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဂရုဓမ္မအခါတော်နေ့ နေ့ထူးနေ့မြတ်၌ နေ့လယ် ၁ နာရီတွင် တွံတေးမြို့ ရွှေဆံတော်စေတီတော်မြတ်ကြီးသြဝါဒစရိယ  ကျောင်းသစ်ပရိယတ္တိစာသင်တိုက်၊ မြို့နယ်ရွှေကျင်သံဃာနာယကဥက္ကဋ္ဌ ဘဒ္ဒန္တနာရဒ (ဒဿန)ထံမှ ကိုးပါးသီလဆောက်တည်ခြင်းနှင့် ဂရုဓမ္မအခါတော်နေ့အကြောင်းသိကောင်းစရာအား ဟောကြားတော်မူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်းသိရသည်။

မြန်မာ့တစ်ဆယ်နှစ်လအနက် တော်သလင်းလပြည့်နေ့သည် ဂရုဓမ္မအခါတော်နေ့ဟု ထင်ရှားသောလပြည့်နေ့ဖြစ်ပြီး ဂေါတမမြတ်စွာဘုရားသည် ဂရုဓမ္မဇာတ်တော်ကို ဟောကြားခြင်းအားအကြောင်းပြု၍ တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့အဖြင့် ဗုဒ္ဓဘာသာဝင်များ သတ်မှတ်ကာကျင်းပခဲ့ကြသည်။ ဂရုဓမ္မအခါတော်နေ့၏အဓိပ္ပါယ်မှာငါးပါးသီလစောင့်ထိန်းခြင်း၊ သူတော်ကောင်းတို့အလေးဂရုထား၍ကျင့်သုံးအပ်သောကြောင့် ဂရုဓမ္မသီလဟု ခေါ်ဆိုကြောင်းသိရသည်။

တွံတေးသား