သင်္ဃန်းကျွန်း စက်တင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၁း၀၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သုဝဏ္ဏ) သီရိသုဝဏ္ဏပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သင်္ဃန်းကျွန်းခရိုင်ပညာရေးမှူးဒေါ်စုစုခင်က အမှာစကားပြောကြားရာတွင် ကျောင်းသား/သူများအားလုံး အလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ယူလေ့ကျင့်ခွင့်ရရှိနိုင်ရေးအတွက် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင် ၅၀ တွင် အခြေခံပညာအထက်တန်းကျောင်း ၅၁ ကျောင်း၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များ တွဲဖက်သင်ကြားနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်းပြောကြားခဲ့သည်။ ထို့နောက် သင်္ဃန်းကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလှမျိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ စင်္ကာပူ-မြန်မာ အသက်မွေးစက်မှုလက်မှုသင်တန်းကျောင်းမှ ကထိကဒေါ်ခင်ငြိမ်းစုသွယ်မှ စက်မှုလက်မှုသင်တန်းနှင့်ပတ်သက်သည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခြင်း၊ ရန်ကင်းပညာရေးကောလိပ်အငြိမ်းစားဆရာမကြီး ဒေါ်စန္ဒာချိုက စိုက်ပျိုးရေးနှင့်ပတ်သက်တဲ့ သိကောင်းစရာများအသိပညာပေးခြင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(သုဝဏ္ဏ)မှ ကျောင်းအုပ်ဆရာမကြီးဒေါ်အေးမြင့်စန်က Grade-9 အောင်မြင်ပြီးမြောက်သော ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ၊ ရရှိလာမည့်အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
လှလှနွယ်(သင်္ဃန်းကျွန်း)