(၂၄)ကြိမ်မြောက် ဦးရွှေအောင်ဘုရားကြီး မျက်နှာတော်သစ်ရောင်ခြည်တော်ဖွင့်ခြင်း၊ ဆွမ်းတော်ကြီးကပ်လှူခြင်းနှင့် ဂရုဓမ္မအခါတော်နေ့အကြောင်း ဖတ်ကြားပူဇော်

မိုးနဲ စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျက်သရေဆောင် ဦးရွှေအောင် ဘုရားအား ၂၄ ကြိမ်မြောက် မျက်နှာတော်သစ် ရောင်ခြည်ဖွင့်ခြင်း၊ ဆွမ်းတော်ကြီးကပ်လှူခြင်းနှင့် ဂရုဓမ္မအခါတော်နေ့ ဖတ်ကြားပူဇော်ခြင်းအခမ်းအနားကို လွိုင်မြေရပ်ကွက်ရှိ ဦးရွှေအောင်ဘုရားဓမ္မာရုံနေရာ၌ ယနေ့နံနက် ၅ နာရီအချိန်က ကျင်းပခဲ့ရာ မြို့နယ်ဩဝါဒါစရိယ ဝိဇ္ဇာရိယ‌ဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော် ၊မြို့နယ် သံဃနာယကဥက္ကဋ္ဌ အုဌ်ကျောင်းတိုက်ဆရာတော်၊ ဝါဆိုကျောင်းတိုက်သံဃာတော်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ အုဌ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဂန္ဓမာ ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် မြို့နယ်ဂေါပကအဖွဲ့ဝင်များက ဦးရွှေအောင်ဘုရားကြီးအား မျက်နှာတော်သစ် ရောင်ခြည်တော်ဖွင့်ပေးခဲ့ကြပြီး ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ခြင်း၊ သံဃာတော် အရှင်သူမြတ်များထံမှ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော သီလတော်မြတ်ကို ခံယူဆောက်တည်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ဆွမ်းတော်ကြီးကပ်လှူရာတွင် ဆွမ်း ၄၉ ဆုပ်ကို သပိတ်အတွင်းထည့်၍ ကပ်လှူခြင်း ပန်း၊ ဆီမီး၊ ရေချမ်းများကို ကပ်လှူပူဇော်ခြင်းနှင့် သံဃာတော်များအား လှူဖွယ်ဝတ္ထုများ လှူဒါန်းခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ဂရုဓမ္မအခါတော်နေ့ (တော်သလင်းလပြည့်)အကြောင်းကို ဖတ်ကြားပူဇော်ခဲ့သည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်တို့ထံမှ မေတ္တာသုတ်တရားတော်နှင့် အနုမောဒနာ တရားတော်များနာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံသိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)