ကချင်ပြည်နယ်အတွင်းရှိ မိန်းကလေးငယ် ၁၅၇၆၉ ဦးအား သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ထည့်သွင်းထိုးနှံပေးမည်

မြစ်ကြီးနား     အောက်တိုဘာ  ၂၀

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပုံမှန်ကာကွယ်ဆေးထိုး/ တိုက်မည့်အစီအစဉ်တွင် သားအိမ်ခေါင်း ကင်ဆာ ရောဂါဖြစ်ပွားမှုမှကာကွယ်ရန် အသက်(၉)နှစ်နှင့် (၁၀)အကြား မိန်းကလေးငယ်များအတွက် သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေးကို ကချင်ပြည်နယ်အတွင်းရှိ မိန်းကလေးငယ် ၁၅၇၆၉ ဦးတို့အား ထည့်သွင်းထိုးနှံပေးသွားရန် ရည်မှန်းထားကြောင်း  ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

အဆိုပါ အိတ်ချ်ပီဗီကာကွယ်ဆေးစတင်ထိုးနှံမည့် အစီအစဉ်နှင့်ပတ်သက်ပြီး ယမန်နေ့မွန်းလွဲပိုင်းတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ NGO ၊ INGO အဖွဲ့များကို အသိပေးဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေးသစ်ထိုးနှံသွားမည့်အစီအစဉ်နှင့် ပတ်သက်၍ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (တိုးချဲ့ ကာကွယ်ဆေး/ကူးစက်) ဒေါက်တာမေနယုန်က ကချင်ပြည်နယ်အတွင်း ယခုနှစ် ၂၀၂၀ ပြည့်နှစ် အတွက် ရည်မှန်းဦးရေ  ၁၅၇၆၉ ဦးထိရှိပြီး ပြည်နယ်အတွင်း မှာရှိသည့် ၂၀၁၀ ခုနှစ်၊ စက်တင်ဘာ လ ၁ ရက်မှ ၂၀၁၁ ခုနှစ် သြဂုတ်လ (၃၁)ရက်အတွင်းမှာ  မွေးဖွားခဲ့သည့် အသက် (၉)နှစ်နှင့် (၁၀) ကြား မိန်းကလေးငယ်အားလုံးကို စာရင်းကောက်ယူကာ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ပြော သည်။

ထို့အပြင် စာရင်းကောက်ယူရန် အခက်အခဲရှိသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိမှုမရှိစေရေး အတွက် ယခုအကြိမ် ကာကွယ်ဆေးထိုးနှံပေးပြီး ဆက်လက်စာရင်းကောက်ယူကာ နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် လျှပ်တစ်ပြတ်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ထည့်သွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ထပ်မံရှင်းလင်းပြောပြသည်။

အိတ်ချ်ပီဗီဗိုင်းရပ်စ် ကာကွယ်ဆေးသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပုံမှန် ကာကွယ်ဆေးထိုး /တိုက်အစီအစဉ်တွင် ယခုနှစ်မှ စတင်ထည့်သွင်းထိုးနှံပေးခြင်းဖြစ်ပြီး အဆိုပါ ကာကွယ်ဆေးကို ကိုဗစ်-၁၉ ရောဂါ လိုက်နာဆောင်ရွက်ရန် လုပ်ငန်းလမ်းညွှန်နှင့်အညီ ပြည်သူလူအခြေပြုပုံစံဖြင့် ထိုးနှံပေးသွားမည် ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးကို (၂)ကြိမ် ထိုးနှံပေး သွားမည်ဖြစ်ပြီး တစ်ကြိမ်နှင့် တစ်ကြိမ် (၁၂)လခြားထိုးနှံပေးရမည်ဖြစ်ကြောင်း သိရှိရသည်။

မျိုးမြင့်စိုး(ပြန်/ဆက်)