ချမ်းမြသာစည် စက်တင်ဘာ ၂၉
မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာနရှိ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ချမ်းမြသာစည်မြို့နယ် စာရေးဆရာအသင်း၏ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
နှစ်ပတ်လည်အစည်းအဝေးတွင် စာရေးဆရာအသင်းနာယကကြီး ဆရာဆွေနွယ်ဦးက ဩဝါဒ စကားပြောကြားပြီးနောက် ဥက္ကဋ္ဌ ဆရာမင်းဏီလူက မြို့နယ်စာရေးဆရာအသင်း လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်ပြီး အတွင်းရေးမှူးဆရာ သန်းစိုးအောင်က မြန်မာနိုင်ငံစာရေးဆရာအသင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ဆရာထွန်းလှိုင် (မြနန္ဒာ)က ရန်ပုံငွေထိန်းသိမ်းရေးနှင့်သုံးစွဲမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော စာရေးဆရာအသင်း၀င်များက ဆွေးနွေးချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (ချမ်း/စည်)