ကျိုင်းတုံ စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အယ်လ်နီညိုကြောင့် ဖြစ်ပေါ်သက်ရောက်လာနိုင်မှုနှင့်ပတ်သက်၍ မွေးမြူရေးကဏ္ဍမှ ကြိုတင်သိရှိဆောင်ရွက်ထားနိုင်ရန် ရက်သတ္တပတ်အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက ယန်းလောကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာမျိုးနိုင်၊ မြို့နယ်ဦးစီးမှူး ဒေါက်တာခိုင်မြဲစည်သူနှင့် ဝန်ထမ်းများက ကျိုင်းတုံမြို့နယ်ရှိ ယန်းလောအုပ်စုရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ တောင်သူ(၃၅)ဦးထံသို့ အယ်လ်နီညိုကြောင့် ဖြစ်ပေါ်သက်ရောက်လာနိုင်မှုနှင့် ပတ်သက်၍ မွေးမြူရေးကဏ္ဍမှ ကြိုတင်သိရှိ ဆောင်ရွက်ထားနိုင်ရန် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ ကျေးရွာနှင့်မြို့ပေါ်ရှိ လူစည်ကားရာနေရာများဖြစ်သည့် နောင်နွန်းပူးပေါင်းဂိတ်နှင့် ယန်းခမ်းကားကြီးကွင်းတို့တွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အယ်နီညိုအသိပညာပေးလက်ကမ်းစာစောင်တွင် ရာသီဥတုဖောက်ပြန်ခြင်း အယ်လ်နီညိုအကြောင်း သိကောင်းစရာများ၊ ကြိုတင်ပြင်ဆင်ရန်အချက်များ၊ အယ်လ်နီညိုကြောင့် မွေးမြူရေးလုပ်ငန်းတွင်သက်ရောက်လာနိုင်မှု၊ အယ်လ်နီညိုကြောင့် ရာသီဥတုသက်ရောက်မှုများစသော အသိပညာပေးသတင်းစကားများ ပါဝင်ကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်၊ ပြန်/ဆက်)