ရန်ကုန် စက်တင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ခွေးရူးရောဂါပပျောက်နိုင်စေရန် ရည်ရွယ်၍ (၁၇) ကြိမ်မြောက် ကမ်ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်နေ့အဖြစ် ခွေးနှင့်ကြောင်များအား ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီက အင်းစိန်မြို့နယ်၊ ရွာမတိုက်ခွဲ သီလဝိသုဒ္ဒိကျောင်းနှင့် ရပ်ကွက်များရှိ သက်မှတ်ထားသည့်နေရာ အသီးသီးတို့တွင် ကွင်းဆင်းထိုးနှံပေးသည်။
ထိုးနှံပေးရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကြီးမှူး၍ (၂၀၃၀) ခုနှစ်တွင် ခွေးရူးရောဂါတိုက်ဖျက်ရေး တက်ညီလက်ညီပါဝင်ပေး တစ်ခုတည်းသောကျန်းမာရေးဆိုသည့် ဆောင်ပုဒ်နှင့်အညီ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အင်းစိန်ခရိုင် ဒုတိယညွန်ကြားရေးမှူး ဒေါက်တာနီလာလတ်၊ အင်းစိန်မြို့နယ်ဦးစီးအရာရှိ ဒေါက်တာကျော်ကျော်ခိုင်နှင့် ဝန်ထမ်းများက အင်းစိန်မြို့နယ်၊ ရပ်ကွက်များအတွင်းရှိ သတ်မှတ်ထားသည့်နေရာများတွင် ခွေးနှင့်ကြောင် (၁၅၀) ကောင်ကို ကွင်းဆင်းထိုးနှံပေးခဲ့သည်။
ထို့နောက် အသိပညာပေးလုပ်ငန်းအဖြစ် ခွေးရူးရောဂါကာကွယ်တားဆီးရေး လက်ကမ်းစာစောင်များကို တာဝန်ရှိသူများက ဖြန့်ဝေပေးပြီး အဆိုပါလက်ကမ်းစာစောင်တွင် ခွေးရူးရောဂါဆိုတာဘာလဲ၊ ခွေးရူးရောဂါကူးစက်ခံရနိုင်သည့် နည်းလမ်းများ၊ ခွေးရူးရောဂါကူးစက်ခံရမှု အန္တရာယ်ရှိသောသူများ၊ ခွေးမှာခွေးရူးရောဂါဖြစ်နေကြောင်း ဘယ်လိုခွဲခြားသိနိုင်မလဲ၊ လူတွင်ခွေးရူးပြန်ရောဂါ လက္ခဏာများမှာဘာတွေလဲ၊ လူတွင်ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ၊ လူတွင်ခွေးရူးရောဂါ ကာကွယ်ဆေးမဖြစ်မနေထိုးရမည့် အခြေအနေများ၊ မိမိ၏အိမ်မွေး ခွေး/ ကြောင်ကို ခွေးရူးရောဂါမှ ဘယ်လိုကာကွယ်မလဲနှင့် ခွေးရူးရောဂါကာကွယ်ရေး သိကောင်းစရာများစသည်တို့ ပါဝင်ကြောင်းသိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)