မောင်တော စက်တင်ဘာ ၂၉
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်က လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးမောင်ခင်ဝင်းက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တော ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်က ဦးဆောင် ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ယူနေကြသော Grade-11 ကျောင်းသား မောင်ဟိန်းထက်စိုးက “သတိပြုဆန်းစစ်ရမည့် လူမှုကွန်ရက်များ”၊ Grade-10 မှ ကျောင်းသား မောင်ညီခန့်လွင်က “ကျေးလက်ပြည်သူများ ပညာရည်မြင့်မားရေးဦးစားပေး၍ အားပေးမြင့်တင်ကြရမည်”၊ Grade-10 မှ ကျောင်းသူ မခင် သော်တာဆန်းက “စာတတ်မြောက်ခြင်းနှင့်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု”၊ Grade-10 မှ ကျောင်းသူ မငြိမ်းဆုအိမောင် “ဉာဏ ဗလ အုတ်မြစ်ပေါ်မှာ”၊ Grade-10 မှ ကျောင်းသူမမေလွင်ဦးက “လူငယ်စွမ်းပကား နိုင်ငံတော်ကအားထား” စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးကာ လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော အခြားကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြသည်။ ယင်းနောက် မောင်တောခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင်များအား တက်ရောက်လာကြသော သင်တန်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်နှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီး ဦးမောင်ခင်ဝင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်