ရခိုင်ပြည်နယ် မောင်တောမြို့၌ ရပ်ကွက်နေပြည်သူများသို့ စားသုံးဆီ တစ်ပိဿာလျှင် ၄၉၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေး

မောင်တော စက်တင်ဘာ  ၂၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသို့ ယမန်နေ့ ညနေ ၄ နာရီအချိန် မြို့မအရှေ့ရပ်ကွက်အတွင်းစားသုံးဆီများ ရောင်းချပေးခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

မောင်တောမြို့၌ Agri One  Trading Co., Ltd ကုမ္ပဏီမှ ဆီစားသုံးသူများအား မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ကြီးကြပ်လျက် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ၊ မြို့နယ်စားသုံးဆီရောင်း ကိုယ်စားလှယ် ဦးတင်အောင်မိုး ဦးဆောင်သောအဖွဲ့မှ မြို့မအရှေ့ရပ်ကွက်အတွင်းနေထိုင်ကြသော ပြည်သူများထံသို့ စားသုံးဆီ တစ်ပိဿာလျှင် ၄၉၀၀ ကျပ်နှုန်းဖြင့်ဆီ  ၅၅၀ ပိဿာအား လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့်  ဖြန့်ဖြူး ရောင်းချပေးခဲ့ကြသည်။ထိုသို့ ရပ်ကွက်များ အတွင်း စားသုံးဆီရောင်းချမှုအား စက်တင်ဘာ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့ထိ မြို့ပေါ်ရပ်ကွက် ၅ ခုတွင် ရောင်းချပေး မည်ဖြစ်ရာ စက်တင်ဘာ ၂၉ ရက်နေ့တွင် အောင်ဗလကျေးရွာတွင် ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန် (ခရိုင်ပြန်/ဆက်)