တာမွေမြို့နယ်တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အသိပညာပေးဟောပြောပွဲကျင်းပ

တာမွေ စက်တင်ဘာ ၂၉

တာမွေမြို့နယ်အတွင်း အခြေခံပညာအလယ်တန်းအဆင့် Grade (9) အောင်မြင်ပြီးသူ ကျောင်းသား/သူများအနေဖြင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးပညာရပ်များအား လေ့လာသင်ယူနိုင်သည့် အသိပညာပေးဟောပြောကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း “မြတ်ပန်းသဇင် ” ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တာမွေမြို့နယ် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းမြင့်က စိုက်ပျိုးရေးအခန်း ကဏ္ဍနှင့်ပတ်သတ်၍ အကျယ်တဝင့် အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာပြုံးက မွေးမြူရေးအခန်းကဏ္ဍနှင့် ပတ်သတ်၍ ကျောင်းသား၊ ကျောင်းသူများအား အသေးစိတ်ရှင်းလင်း ဆွေးနွေးဟောပြောခဲ့ပြီး စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်းမှ ကထိကဆရာမ ဒေါ်နှင်းဝတ်ရည်ဖြိုးက စက်မှုအခန်းကဏ္ဍနှင့်ပတ်သတ်၍ ကျောင်းသား/သူများ သိရှိနိုင်ရန်အတွက် Power Point ဖြင့် အသေးစိတ် ဟောပြောဆွေးနွေးခဲ့သည်။

တာမွေမြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ကျော်ခိုင်က ကျေးဇူးတင်စကားပြောကြားရာတွင် “ကျွန်တော်တို့ မြို့နယ်အတွင်းမှာရှိတဲ့ အလယ်တန်းအဆင့် Grade (9) အောင်မြင်ပြီးသူ ကျောင်းသား/သူများအနေဖြင့် အခြေခံပညာအပြင် စက်မှုပညာရပ်ပိုင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်ပိုင်းဆိုင်ရာများကို မိမိတို့ဝါသနာအလိုက် ရွေးချယ်သင်ယူခွင့်ရစေဖို့အတွက် ယခုလိုအသိပညာပေးဟောပြောပွဲကို ကဏ္ဍအလိုက် အတတ်ပညာရှင်များက အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပေးတဲ့အတွက် အလွန်ကောင်းမွန်တဲ့ပွဲပဲ ဖြစ်ပါတယ် တက်ရောက်လာကြတဲ့ ကျောင်းသား/သူတွေက သိလိုတာတွေကို မေးမြန်းတဲ့အခါ ကဏ္ဍအလိုက် ပြန်လည်ဖြေရှင်းပေးတဲ့အတွက် ကျောင်းသား/သူတွေအတွက် အလွန်ပဲတန်ဖိုးရှိ ပါကြောင်း ” ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီး / ဆရာမကြီးများ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၃၇၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ထက်အောင်လင်း(ပြန်/ဆက်)