ရပ်စောက် စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အယ်လ်နီညို ဖြစ်ပေါ်သက်ရောက်မှုနှင့်ပတ်သက်၍ ပြည်သူလူထု အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ဟွှေးကျေးရွာအုပ်စု၊ လွယ်ဆင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဆောင်းနှင်းဖြူဖြူက မွေးမြူရေးကဏ္ဍတွင် အယ်လ်နီညိုဖြစ်စဉ်၏ နောက်ဆက်တွဲဆိုးကျိုးများနှင့် ပတ်သက်၍ လျော့နည်းသက်သာစေရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်စေရန်၊ အယ်လ်နီညိုဖြစ်စဉ်နှင့် ဆက်စပ်ဖြစ်ပွားနိုင်သော ကပ်ပါစကောင်များမှတဆင့် ကူးစက်နိုင်သော တိရစ္ဆာန်ကူးစက်ရောဂါများနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေးဟောပြောပွဲကို လာရောက်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောသည်။
ထို့နောက် လက်ထောက်ကြီးကြပ်ရေးမှူး ဒေါ်စမ်းစမ်းစိမ့်အေးညိုက အယ်လ်နီညိုကြောင့်ရာသီဥတု ပြောင်းလဲသက်ရောက်မှုနှင့်မွေးမြူရေးလုပ်ငန်းတွင် သက်ရောက်မှုများ၊ အယ်လ်နီညိုကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန် မွေးမြူရေးဆောင်ရွက်သူများ ကြိုတင်ပြင်ဆင်ရန်အချက်များကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျေးရွာပြည်သူများအား အယ်လ်နီညို ဖြစ်ပေါ်သက်ရောက်မှု ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြပြီး လွယ်ဆင်ကျေးရွာအတွင်းရှိ တိရစ္ဆာန်များကို ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် မွေးမြူရေးခြံများကို ပိုးသတ်ဆေးဖြန်းခြင်း၊ အင်းဆက်ပိုးမွှားများနှိမ်နှင်းခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အယ်နီညိုပညာပေးဟောပြောပွဲ(ရက်သတ္တပတ်လှုပ်ရှားမှု)ကို စက်တင်ဘာ ၂၅ ရက်နေ့မှ အောက်တိုဘာ ၁ ရက်နေ့အထိဆောင်ရွက်သွားမည်ဖြစ်ပြီး ဟောပြောပွဲနှင့်အတူ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ တိရစ္ဆာန်များအားကာကွယ်ဆေးထိုးနှံခြင်း၊ အင်းဆက်ပိုးမွှားများအားနှိမ်နှင်းခြင်း၊ ဇီဝလုံခြုံမှုလုပ်ငန်းများ မြှင့်တင်နိုင်ရန်အတွက် မွေးမြူရေးခြံများအား ပိုးသတ်သန့်စင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရှိရသည်။
ဆုမွန်