မောင်တော စက်တင်ဘာ ၂၉
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌဦးနေဦးနှင့် တာဝန်ရှိသူများသည် ဒေသဖွံ့ဖြိုးရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီ အချိန်မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ကညင်ချောင်းစီးပွားရေးဇုန်ရှိ ပင်မအဆောက်အဦ အမိုးလန်ပျက်စီးနေမှု အခြေအနေများအား သွားရောက်စစ်ဆေးရာ ကညင်ချောင်း စီးပွားရေးဇုန်ရှိ သက်ဆိုင်ရာတာဝန်ရှိသူများက ပင်မဆောင် အမိုးလန်ပျက်စီးနေမှုများ၊ ပင်မဆောင်အတွင်း လျှပ်စစ်မီးမရရှိသည့်အတွက် ဌာနများအနေဖြင့် အခက်အခဲများရှိပါကြောင်းနှင့် ရေရရှိရေးအတွက် ဆောင်ရွက်နေမှုများအား လိုက်လံပြသရှင်းလင်းတင်ပြခဲ့ကြပြီး အမိုးလန်ပျက်စီးမှု အခြေအနေများအား အသေးစိတ်တွက်ချက်ကာ တင်ပြပေးစေလိုကြောင်း မှာကြားခဲ့သည်။ ယင်းနောက် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦး တာဝန်ရှိသူများနှင့်အတူ မိုခါမုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီး သက္ကယ်ပြင်စခန်းရှိပျက်စီးခဲ့သော လူနေအိမ်အဆောက်အဦ ၉၉ လုံးပျက်စီးခဲ့မှုများအား ဖျက်သိမ်းနိုင်ရေးနှင့်ဆယ်တင်ပစ္စည်းများရရှိနိုင်ရေးအတွက် သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပျက်စီးနေမှုအခြေအနေများနှင့်ပတ်သတ်၍ တာဝန်ရှိသူများ ရှင်းလင်းတင်ပြခဲ့ကြရာ ပြန်လည်အသုံးပြုနိုင်မည့် အဆောက် အဦပစ္စည်းများအား စနစ်တကျ သိမ်းဆည်းနိုင်ရေး ဆောင်ရွက်ကြစေရန်မှာကြားခဲ့ကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)