မြင်းခြံမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

မြင်းခြံ စက်တင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ဟောပြောပွဲခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ကလေးအလုပ်သမား ပပျောက်ရေးနှင့် ပတ်သက်၍ အသိပညာပေးလုပ်ဆောင်နေမှုများ၊ မိဘတိုင်းကကလေးများအပေါ် ပြုစုပျိုးထောင်ပေးရမည့်အချက်များ ကိုလည်းကောင်း၊ ခရိုင်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဌာနစိတ်မှ ရဲအုပ်ကျော်ဆန်းက ကလေးများအား ပင်ပန်းစွာ အလုပ်ခိုင်းစေမှုတင်မကဘဲ ကလေးငယ်များအားရောင်းချခြင်း၊ လူကုန်ကူးခြင်းများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ဝင့်မာလာအောင်က ကလေးအလုပ်သမားများ ဖြစ်ပေါ်တက်သည့်ဖြစ်စဉ်များ၊ ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှုများရှိခဲ့ပါက ကျရောက်နိုင်သည့် ပြစ်ဒဏ်များနှင့် ကလေးအလုပ်သမားများ လိုက်နာရမည့်အကြောင်းအရာများကို ဟောပြောခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်လေးလေးနိုင်၊ ခရိုင်မိသားစုစည်းရုံးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။                               

ကျော်စွာ(မြင်းခြံ)