မအီမြို့တွင် ကမ်းရံပိုက်ဖြင့် ငါးဖမ်းခြင်းလုပ်ငန်းကို လုပ်ကိုင်လာသူ ရေလုပ်ငန်းရှင်များပြားလာ

မအီ    စက်တင်ဘာ    ၂၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ကမ်းရံပိုက်ဖြင့် ငါးဖမ်းကြသည့်ရေလုပ်ငန်းရှင်များ ယခင်နှစ်ကထက် ပိုမိုများပြားလာပြီး ဒီရေအတက်အကျပေါ် မူတည်၍ ငါးရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကမ်းရံပိုက်ကို ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် ရခိုင်ကမ်းရိုးတန်းဒေသတို့တွင် ငါးဖမ်းခြင်းလုပ်ငန်း၌ အသုံးပြုကြပြီး ပိုက်အမည်ခေါ်ဝေါ်သုံးနှုန်းမှုမှာ ဒေသအလိုက်ကွဲပြားမှုရှိသည်။ ကမ်းရံပိုက်ဖြင့် ငါးဖမ်းလုပ်ငန်းနှင့် ပတ်သက်၍ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ မအီမြို့၊ အမှတ်(၃)ရပ်ကွက်မှ ကိုစံဦးခိုင်က "ကျွန်တော်တို့ လုပ်ငန်းက တစ်လမှာ ဆယ်ရက်လောက်တော့ နားရပါတယ်။ လဆန်း/လဆုတ် (၁၁)ရက်နေ့လောက် ငါးဖမ်းထွက်ရင် လပြည့်/လကွယ်ပြီး (၆)ရက်နေ့လောက်မှ ပိုက်သိမ်းပြီး အိမ်ပြန်နားရတယ်။ လဆန်း/လဆုတ်တိုင်း တစ်ကြိမ်ဆင်းရင် ဆယ်ရက်နီးပါးကြာပါတယ်။ နေ့စဉ် အရုဏ်တက်ချိန် နံနက်ဈေးအမီ ငါးလာပို့ရတယ်။ ငါးကတော့ ငါးခူ၊ ငါးတန်၊ ငါးရွှေ၊ ကကတစ် အစုံပါပဲ။ ပုဇွန်တွေလည်းရပါတယ်။ ငါးအရွယ်အစား အကြီးအသေးပေါ် မူတည်ပြီးတော့ ရောင်းရတဲ့ ဈေးနှုန်းကွာဟမှုရှိပါတယ်။ ကကတစ်(၁)ပိဿာကို ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ ကျပ်အထိ ရောင်းချရပါတယ်။ ငါးဈေးနှုန်းက ငါးအကြီးအသေးနဲ့ဆိုင်သလို ငါးရှားပါးမှု၊ ပေါများမှုနဲ့လည်း ဆိုင်ပါတယ်။" ဟု ပြောကြားသည်။

ကမ်းရံပိုက်တစ်ဖောင်လျှင် ဖောင်အကြီးအသေးလိုက်၍ အလျားပေ(၂၄၀၀)မှ (၄၄၀၀)အထိ ရှည်လျားပါကြောင်း၊ ဒီရေကျချိန်မှာ မြစ်ချောင်းကမ်းစပ်တစ်လျှောက် တိုင်များစိုက်ထူ၍ ဒီရေတောကို ကာရံပြီး ဒီရေပြန်မတက်ခင်မှာ ငါးဖမ်းရန်အသင့် အပြီးသတ် စီစဉ်ရပါကြောင်း၊ ဒီရေတက်၍ ပြည့်လာချိန်တွင် အဆိုပါ ကမ်းရံပိုက်မှာ ထောင်လျက်အနေအထားဖြင့် ရေအောက်သို့နစ်မြုပ်ပြီး ပိုက်ကိုကျော်လွန်၍ ဒီရေတောထဲသို့ ဝင်ရောက်လာသည့် ငါးများကို ဒီရေပြန်ကျချိန်တွင် ဖမ်းယူရခြင်းဖြစ်ကြောင်း၊ ဒီရေတက်ခြင်း၊ ကျခြင်းအပေါ်မူတည်၍ ငါးရရှိမှုကွာဟမှုရှိကြောင်း၊ ဒီရေတက်လျှင် ငါးပိုရရှိကြောင်းနှင့် ကမ်းရံပိုက်ဖြင့် ငါးဖမ်းခြင်းလုပ်ငန်းမှာ ပင်ပန်းသော်လည်း မိသားစုစားဝတ်နေရေး ဖူလုံပါကြောင်း၊ ငါးများရှာဖွေဖမ်းဆီးခြင်းကို ရမ်းဗြဲမြို့နယ်ရှိ ဝန်ဖိုက်ဒီရေတောများ၊ ကျောက်ဖြူမြို့နယ်ရှိ ဒီရေတောများ စသည့်ဝေးလံသည့်ဒေသများသို့ သွားရောက်ဖမ်းဆီးရပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရခိုင်ကမ်းရိုးတန်းရှိ မြို့နယ်အများစုတွင် လူနည်းစုဖြင့် အလုပ်ဖြစ်သည့် အဆိုပါ ကမ်းရံပိုက်ဖြင့် ငါးဖမ်းခြင်းလုပ်ငန်းကို လုပ်ကိုင်လာသူ ရေလုပ်ငန်းရှင်များမှာ ယခင်နှစ်များထက် များပြားလာကြောင်း သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)