ချမ်းမြသာစည် စက်တင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာ ဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြုနိုင်သော ကျောင်းသား၊ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် P E C ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉:၃၀နာရီအချိန်က P E C ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးနိုင်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသားလူငယ်များအနေဖြင့် လူအများ အလယ်တွင် ပြောရဲသည့်အလေ့အကျင့် ကောင်းများဖြစ်လာစေရန်နှင့် အနာဂတ်တွင် နိုင်ငံ့တာဝန်ထမ်းဆောင်နိုင်သော သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်စေရန် ယခုအချိန်ကတည်းက ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြားရာတွင် လူငယ်များ အသိပညာ၊ အတတ်ပညာနှင့် လူ့ကျင့်ဝတ်တန်ဖိုးမြှင့်တင်ပေးရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြောစွမ်းရည်များတိုးတက်လာစေရန် လူငယ်စကားဝိုင်းများကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် စကားဝိုင်းကိုဆက်လက်ကျင်းပရာ မြို့နယ်ဦးစီးအရာရှိက Moderatorအဖြစ် ဦးဆောင်ဆွေးနွေးခဲ့ပြီး Grade – 11ကျောင်းသား မောင်မင်းသုတက “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade – 11 ကျောင်းသူ မချစ်ဆုသင်းက “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade – 11ကျောင်းသူ မသင်းကြယ်စင်ညွှန့်က ” လူငယ်နှင့်မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade – 11 ကျောင်းသား မောင်နေသာနိုင်က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကလည်း ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လူငယ်စကားဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့်ဝန်ထမ်းများ၊ P E C ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းလူဦးရေ (၂၅၀) တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ချမ်း/စည်)