တာမွေ စက်တင်ဘာ ၂၈
မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့၌ နေ့စဉ် YBS ခရီးသည်တင်ယာဉ်များ စီးနှင်းပြီး မြို့တွင်းခရီးသွားလာနေကြသည့် ခရီးသွားပြည်သူများအနေဖြင့် မြို့တွင်းခရီးစဉ်များ သွားလာကြရာတွင် ယခင်ကထက် ပိုမိုအဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)၏ စီစဉ်မှုဖြင့် ရန်ကုန်မြို့တွင်း ခရီးစဉ်ပြေးဆွဲပေးလျက်ရှိသော YBS ခရီးသည်တင်ယာဉ်လိုင်းများအနက် ယာဉ်လိုင်းနံပါတ်တူပြီး ပြေးဆွဲပေးသည့် ကုမ္ပဏီမတူသည့် YBS ခရီးသည်တင် ယာဉ်လိုင်းများအား ၂၀၂၃-ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှစတင်ကာ ယာဉ်လိုင်းနံပါတ်အသစ်များဖြင့် ရန်ကုန်မြို့တွင်း စတင် ပြောင်းလဲပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ(YRTC)မှ သိရသည်။
“ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ရဲ့ ကြီးကြပ်မှုအောက်မှာ ယခုလက်ရှိ YBS ခရီးသည်တင်ယာဉ်လိုင်းကုမ္ပဏီ(၂၁)ခုနှင့် ယာဉ်လိုင်းပေါင်း (၁၃၀)ရှိပါတယ်။ အဲဒီအထဲမှာမှ ကုမ္ပဏီမတူဘဲ ယာဉ်လိုင်းနံပါတ်တူတဲ့ ယာဉ်လိုင်းနံပါတ်(၁၃)ခုရှိပါတယ်။ အဲဒီယာဉ်လိုင်းတွေနံပါတ်တူပြီး ကုမ္ပဏီမတူတဲ့အခါကျတော့ ခရီးသွားလုပ်သားပြည်သူတွေအနေနဲ့ ယာဉ်လိုင်းနံပါတ်သိပြီးတော့ တစ်ခုခုဖြစ်တယ်ဆိုရင် တိုင်းကြားချင်လို့ပဲဖြစ်ဖြစ်၊ ဝေဖန်အကြံပြုချင်တာပဲဖြစ်ဖြစ် ယာဉ်လိုင်းနံပါတ်တူပြီး ကုမ္ပဏီမတူတဲ့အခါကျတော့ ဘယ်ကုမ္ပဏီဖြစ်တယ်ဆိုတာ အလွယ်တကူမသိရှိရပါဘူး။ ဒါ့အပြင် ယာဉ်လိုင်းနံပါတ်တူပြီး ကုမ္ပဏီမတူတဲ့အခါမှာ တစ်စီးနှင့်တစ်စီးယှဉ်ပြိုင်ကျော်တက်ပြီး မောင်းနှင်တာတို့ဖြစ်တယ်။ အဲဒီအခါမှာနံပါတ်တော့သိတယ်၊ ဘယ်ကုမ္ပဏီလည်းဆိုတာ ခွဲခြားလို့မရဘူး၊ အဲအခါမှာ ကုမ္ပဏီအနေနဲ့သော်လည်းကောင်း၊ ကျွန်တော်တို့ YRTC အနေနဲ့သော်လည်းကောင်း၊ ခရီးသွားလုပ်သားပြည်သူတွေအနေနဲ့ ဘယ်ကုမ္ပဏီက စည်းကမ်းချိုးဖောက်လည်းဆိုတာ အလွယ်တကူခွဲခြားသိနိုင်အောင်၊ ခရီးသွားလုပ်သားပြည်သူတွေ အဆင်ပြေအောင် ကျွန်တော်တို့ ဒီလိုမျိုးနံပါတ်တူတဲ့ ယာဉ်လိုင်း (၁၃)ခုဖြန့်ပြီး နံပါတ်တစ်ခုချင်းစီ ခွဲခြားပြီးတော့ ယာဉ်လိုင်းပေါင်း(၁၄၅)လိုင်းဖြင့် ပြေးဆွဲပေးခြင်းဖြစ်ပါတယ်။ နဂိုယာဉ်လိုင်း နံပါတ်အတိုင်းလည်းပြေးဆွဲပေးသွားမှာဖြစ်သလို နံပါတ်အသစ်ပေးလိုက်တဲ့ ယာဉ်လိုင်း တွေအနေနဲ့လည်း မူလလမ်းကြောင်းအတိုင်းပဲ ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောသည်။
အဆိုပါ နံပါတ်အသစ်များဖြင့် ပြောင်းလဲပြေးဆွဲပေးသွားမည့် YBS ခရီးသည်တင်ယာဉ်လိုင်းကုမ္ပဏီများနှင့် ယာဉ်လိုင်းနံပါတ်များမှာ Power Eleven ကုမ္ပဏီမှ YBS-၂၁ ဖြင့် အနောက်ပိုင်းတက္ကသိုလ်မှ အနော်ရထာလမ်း(လသာ)ထိလည်းကောင်း၊ ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီမှ YBS-၂၁အစား YBS-၁၃၁ ဖြင့် အနောက်ပိုင်းတက္ကသိုလ်မှ ကမ်းနားလမ်း(ကျုံးကြီး)ထိလည်းကောင်း၊ RCBT ကုမ္ပဏီမှ YBS-၇၉ ဖြင့် အနောက်ပိုင်းတက္ကသိုလ်မှ လင်းစဒေါင်း(သန်လျက်စွန်း)ထိလည်းကောင်း၊ Trans Link ကုမ္ပဏီမှ YBS-၇၉ အစား YBS-၁၃၂ ဖြင့် အနောက်ပိုင်းတက္ကသိုလ်မှ ကမ်းနားလမ်း(ဗဟိုရုံး)ထိလည်းကောင်း၊ YUPT ကုမ္ပဏီမှ YBS-၄ ဖြင့် ယုဇနဥယျာဉ်မြို့တော်မှ ဆူးလေ(မြို့တော်ခန်းမ)ထိလည်းကောင်း၊ ပြည်စံသူကုမ္ပဏီမှ YBS-၄ အစား YBS-၁၃၃ ဖြင့် ယုဇနဥယျာဉ်မြို့တော်မှ ဆူးလေ(မြို့တော်ခန်းမ)ထိလည်းကောင်း၊ YUPT ကုမ္ပဏီမှ YBS-၈ ဖြင့် ရိုးမရိပ်သာလမ်းမှ လသာထိလည်းကောင်း၊ ပြည်စံသူကုမ္ပဏီမှ YBS-၈အစား YBS-၁၃၄ ဖြင့် ဦးတရုတ်ကြီးလမ်းထိပ်မှ လသာထိလည်းကောင်း၊ YUPT ကုမ္ပဏီမှ YBS-၁၀ ဖြင့် ကံကြီးထောင့်မှ ဒဂုံ တက္ကသိုလ်ထိလည်းကောင်း၊ ပြည်စံသူကုမ္ပဏီမှ YBS-၁၀အစား YBS-၁၃၅ ဖြင့် တောင်ဒဂုံ(ဆောက်လုပ်ရေး) မှ ဒဂုံတက္ကသိုလ်ထိလည်းကောင်း၊ YUPT ကုမ္ပဏီမှ YBS-၁၁ ဖြင့် အောင်မင်္ဂလာအဝေးပြေးမှ လသာထိလည်းကောင်း၊ ပြည်စံသူကုမ္ပဏီမှ YBS-၁၁အစား YBS-၁၃၆ဖြင့် အောင်မင်္ဂလာအဝေးပြေးမှ လသာထိလည်းကောင်း၊ YUPT ကုမ္ပဏီမှ YBS-၁၅ ဖြင့် ဒဂုံတက္ကသိုလ်မှ လှော်ကား(ရဲအကြပ်သင်တန်းကျောင်း)ထိလည်းကောင်း၊ ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီမှ YBS-၁၅အစား YBS-၁၃၇ဖြင့် ဒဂုံတက္ကသိုလ်မှ YTU(ကြို့ကုန်း)ထိလည်းကောင်း၊ YUPT ကုမ္ပဏီမှ YBS-၁၇ ဖြင့် ရွှေပေါက္ကံ(တံတားထိပ်)မှ ဒဂုံဧရာအဝေးပြေးထိလည်းကောင်း၊ ပြည်စံသူကုမ္ပဏီမှ YBS-၁၇အစား YBS-၁၃၈ ဖြင့် ဒဂုံဧရာအဝေးပြေးမှ ရွှေပေါက္ကံ(ဆင်ဖုန်)ထိလည်းကောင်း၊ YUPT ကုမ္ပဏီမှ YBS-၂၉ ဖြင့် ရွှေပေါက္ကံ(တံတားထိပ်)မှ ဆူးလေထိလည်းကောင်း၊ ပြည်စံသူကုမ္ပဏီမှ YBS-၂၉ အစား YBS-၁၃၉ဖြင့် ဒဂုံတက္ကသိုလ်မှ ဆူးလေထိလည်းကောင်း၊ Power Eleven ကုမ္ပဏီမှ YBS-၃၉ ဖြင့် ရွှေပြည်သာ(လိန်ကုန်း)မှ အနော်ရထာလမ်း(လသာ)ထိလည်းကောင်း၊ GYCT ကုမ္ပဏီမှ YBS-၃၉အစား YBS-၁၄၀ ဖြင့် ရွှေပြည်သာစျေး(သံလမ်း)မှ မင်းရဲကျော်စွာလမ်း(ဝါးတန်းလမ်း)ထိလည်းကောင်း၊ ရွှေလမ်းခင်းကုမ္ပဏီမှ YBS-၄၀ ဖြင့် ရွှေပြည်သာ (ဒေါ်ဖွားရှင်)မှ သခင်မြပန်းခြံထိလည်းကောင်း၊ YUPT ကုမ္ပဏီမှ YBS-၄၀ အစား YBS-၁၄၁ ဖြင့် ရွှေပြည်သာ (လိန်ကုန်း)မှ သခင်မြပန်းခြံထိလည်းကောင်း၊ ပြည်စံသူကုမ္ပဏီမှ YBS-၄၀ အစား YBS-၁၄၂ ဖြင့် ရွှေပြည်သာ (လိန်ကုန်း)မှ သခင်မြပန်းခြံထိလည်းကောင်း၊ ရွှေလမ်းခင်းကုမ္ပဏီမှ YBS-၄၀အစား YBS-၁၄၃ ဖြင့် ရွှေပြည်သာ (ဝါးတရာ)မှ သခင်မြပန်းခြံထိလည်းကောင်း၊ YUPT ကုမ္ပဏီမှ YBS-၅၉ ဖြင့် အမှတ်(၂)လမ်းမကြီး(ဧရာဝဏ်လမ်းထိပ်)မှ နှင်းဆီကုန်းလမ်း (ဗဟိုအမျိုးသမီးဆေးရုံ) ထိလည်းကောင်း၊ ပြည်စံသူကုမ္ပဏီမှ YBS-၅၉ အစား YBS-၁၄၄ ဖြင့် ယုဇနဥယျာဉ်မြို့တော်မှ နှင်းဆီကုန်းလမ်း(ဗဟိုအမျိုးသမီး ဆေးရုံ)ထိလည်းကောင်း၊ ရွှေပြည်သာသားကုမ္ပဏီမှ YBS-၆၅ ဖြင့် သာဓုကန်မှ ဗိုလ်တထောင်ဘုရားထိလည်းကောင်း၊ YUPT ကုမ္ပဏီမှ YBS-၆၅အစား YBS-၁၄၅ ဖြင့် ရွှေပြည်သာ(ရဲအကြပ်သင်တန်းကျောင်း)မှ ဗိုလ်တထောင်ဘုရားထိလည်းကောင်း အသီးသီးပြောင်းလဲပြေးဆွဲပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ရန်ကုန်မြို့တွင်း ခရီးစဉ်ပြေးဆွဲပေးလျက်ရှိသော YBS ခရီးသည်တင်ယာဉ်လိုင်းများအနက် ယာဉ်လိုင်းနံပါတ်တူပြီး ပြေးဆွဲပေးသည့် ကုမ္ပဏီမတူသည့် YBS ခရီးသည်တင်ယာဉ်လိုင်းများအား ယာဉ်လိုင်းနံပါတ်အသစ်များဖြင့် ပြောင်းလဲသတ်မှတ်ပြေးဆွဲပေးရာတွင် မြို့တွင်းခရီးသွား ပြည်သူများအနေဖြင့် ပြောင်းလဲပြေးဆွဲပေးမည့် ယာဉ်လိုင်းနံပါတ်များအား ကျယ်ကျယ်ပြန့်ပြန့် ကြိုတင်သိရှိနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)နှင့် သက်ဆိုင်ရာယာဉ်လိုင်း ကုမ္ပဏီများပူးပေါင်း၍ သက်ဆိုင်ရာ ယာဉ်လိုင်းနံပါတ်ပြောင်းလဲပြေးဆွဲမည့် YBS ခရီးသည်တင် ယာဉ်များနှင့် ဂိတ်ရင်း၊ ဂိတ်ဖျားများ၊ ကားမှတ်တိုင်များတွင် အသိပေးဗီနိုင်းများ ကပ်ထားကြော်ငြာထားပြီး ၂၀၂၃-ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှစတင်ကာ ယာဉ်လိုင်းနံပါတ်အသစ်များဖြင့် ပြောင်းလဲပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။
“ယာဉ်လိုင်းနံပါတ်အသစ်တွေ ပြောင်းလဲပြေးဆွဲပေးတာဟာ ယာဉ်အစီးရေတိုးလာတာမဟုတ်ဘဲ မူလရှိတဲ့ယာဉ်အစီးရေကိုမှ ယာဉ်လိုင်းနံပါတ်တူပြီး ပြေးဆွဲပေးသည့် ကုမ္ပဏီမတူသည့် YBS ခရီးသည်တင်ယာဉ်လိုင်းတွေကို ယာဉ်လိုင်းနံပါတ်အသစ်များဖြင့် ပြောင်းလဲသတ်မှတ် ပြေးဆွဲပေးခြင်းဖြစ်ကြောင်း” ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ဆက်လက်ပြောကြားခဲ့သည်။
“ ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ ယာဉ်လိုင်းနံပါတ်တူပြီး ပြေးဆွဲပေးသည့် ကုမ္ပဏီမတူသည့် YBS ခရီးသည်တင်ယာဉ်လိုင်းတွေကို ယာဉ်လိုင်းနံပါတ်အသစ်များဖြင့် ပြောင်းလဲသတ်မှတ် ပြေးဆွဲပေးတာဟာ နေ့စဉ် YBS ခရီးသည်တင်ယာဉ်စီးနှင်းပြီးတော့ မြို့တွင်းခရီးသွားလာနေကြရတဲ့ ကျွန်မတို့ပြည်သူတွေအတွက် အရမ်းကိုအဆင်ပြေမှုရှိပါတယ်။ အရင်ကဆို နံပါတ်တူတယ်ဆိုပြီး ကားပေါ်တက်သွားပြီးခါမှ ကိုယ်သွားမဲ့ခရီးစဉ်မဟုတ်လို့ ကားပေါ်ကပြန်ဆင်းခဲ့ရတာ အကြိမ်ကြိမ်ပါပဲ။ နောက်တစ်ခုက တစ်ချို့ကားတွေမှာ ရှေ့မှာကပ်ထားတဲ့လမ်းကြောင်းကို ကိုယ်ကမမြင်လိုက်တဲ့အတွက်မေးပြီးမှ စီးရတဲ့အခြေအနေအထိ ဖြစ်ပါတယ်” ဟု နေ့စဉ် ရွှေပြည်သာမြို့နယ်မှ တာမွေမြို့နယ်သို့ YBS ခရီးသည်တင်ယာဉ်စီးနင်းပြီး မြို့တွင်းခရီးသွားလာ နေသူတစ်ဦးကဆိုသည်။
ယခုအခါ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)အနေဖြင့် မြို့တွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် YBS ခရီးသည်တင်ယာဉ်လိုင်း(၁၁၉)လိုင်းမှ ယာဉ်အစီးရေ (၃၅၀၀)ဖြင့် နေ့စဉ်ခရီးသွားပြည်သူ (၁၃)သိန်း (၇)သောင်းကျော်ကို ပြေးဆွဲပို့ဆောင်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (တာမွေ)