ဒလမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဒလ စက်တင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ် (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအိအိအောင်က သက်ငယ်မုဒိမ်းကျူးလွန်ခံရသည့် ကလေးငယ်များ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ နှိပ်ကွပ်အနိုင်ကျင့်ခြင်းခံရသည့် ကလေးသူငယ်များအတွက် ကူညီစောင့်ရှောက်ပေးမှုများ၊ ပြစ်မှုကျူးလွန်သည့်ကလေးငယ်များအား ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေဖြင့် ကူညီဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များက ကဏ္ဍအလိုက်ဆောင်ရွက်ပေးလျက်ရှိသည့် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ လုပ်ငန်းများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြင့်ဇော်(ပြန်/ဆက်)