တောင်ကြီး စက်တင်ဘာ ၂၈
၂၀၂၃ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘော ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ (၃) နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးရုံ၌ ကျင်းပသည်။
ဆုချီးမြှင့်ပွဲတွင် အမျိုးသမီးပွဲစဥ်တွင် တောင်ကြီးခရိုင်အသင်းနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ တောင်ကြီးခရိုင်အသင်းမှ အနိုင်ရရှိပြီး အမျိုးသားပွဲစဥ်တွင် တောင်ကြီးခရိုင်အသင်းနှင့် လွိုင်လင်ခရိုင်အသင်းတို့ ယှဥ်ကစားကြရာ တောင်ကြီးခရိုင်အသင်းမှ အနိုင်ရရှိပြီး ပြိုင်ပွဲယှဥ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ (တောင်ကြီး) ကျောင်းသား၊ ကျောင်းသူများ၊ အားကစား ဝါသနာရှင်များ ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ အမျိုးသမီး အကောင်းဆုံး အားကစားသမားဆု ချီးမြှင့်ရာ အကောင်းဆုံး စပေးဆု၊ ရိုက်ခုတ်ဆု၊ ပင့်ထောင်ဆု ရရှိသူများကို ဆုတံဆိပ်နှင့် ငွေသားဆုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၏ဇနီး၊ ရှမ်းပြည်နယ်အမျိုးသမီးနှင့် အားကစား ဆပ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ ဇနီးတို့က ချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသား အကောင်းဆုံး အားကစားဆုချီးမြှင့်ရာ အကောင်းဆုံး စပေးဆု၊ ပိတ်ဆို့ဆု၊ ရိုက်ခုတ်ဆု၊ ပင့်ထောင်ဆုရရှိသူများကို ဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်ဥပဒေချုပ်က ချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသမီး အသင်းလိုက် ပူးတွဲတတိယဆုရရှိသော လားရှိုးအသင်းနှင့် မိုးမိတ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့၏ဇနီးတို့မှ ချီးမြှင့်ပေး၍လည်းကောင်း၊ ဒုတိယဆုရရှိသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၏ဇနီးက ချီးမြှင့်ပေး၍ လည်းကောင်း၊ ပထမဆုရရှိသော တောင်ကြီးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ် ဝန်ကြီးချုပ်၏ဇနီးက ချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသား ပူးတွဲ တတိယဆုရရှိသော လားရှိုးခရိုင်အသင်းနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က ချီးမြှင့်ပေး၍လည်းကောင်း၊ ဒုတိယဆုရရှိသော လွိုင်လင်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ် သယံဇာတ ရေးရာဝန်ကြီးက ချီးမြှင့်ပေး၍ လည်းကောင်း၊ ပထမဆုရရှိသော တောင်ကြီးခရိုင် အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က ချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသမီး၊ အမျိုးသား တံခွန်စိုက်ဖလားရရှိသော တောင်ကြီးခရိုင် အသင်းအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ချီးမြှင့်ပေးပြီး ဒိုင်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်၍ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
ထို့နောက် အမျိုးသမီး၊ အမျိုးသား တတိယ၊ ဒုတိယ၊ ပထမဆုရရှိသော အသင်းများကို ရှမ်းပြည်နယ် အားကစားဆပ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ထပ်ဆောင်းဆုငွေ ချီးမြှင့်ပေးကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)